နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇွန် ၂၇ ရက်
အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်ရှိ မာသီယာထိန်းသိမ်းရေးစင်တာ၌ အမျိုးသားလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များဖြင့် ထိန်းသိမ်းထားသည့် မြန်မာနိုင်ငံသားများအနက် အမျိုးသမီး (၁၀) ဦးကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားမှုများ ပြုလုပ်ပြီး လက်ရှိ၌ အဆက်အသွယ် မရတော့ကြောင်း India For Myanmar အဖွဲ့ထံက သိရသည်။
ထိုထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား (၃၂) ဦးထိရှိပြီး ယခုရက်ပိုင်း၌ပင် စင်တာလက်ထောက် ထောင်မှူးဖြစ်သူ Mr. Shantanu Deep ၏ ညွှန်ကြားချက်ဖြင့် Assam Rifles တပ်ဖွဲ့ဝင်များမှ သီးသန့်ရွေးချယ်၍ မြန်မာအမျိုးသမီး (၁၀) ဦးအား တစ်ကိုယ်လုံး ရှာဖွေစစ်ဆေး၊ ထိတွေ့ကိုင်တွယ်ခဲ့ကြောင်း သိရသည်။
“သူတို့ကို မြန်မာပြည် ပြန်ပို့ဖို့အတွက် အဆင်မပြေသေးလို့ ယာယီခဏ ထိန်းသိမ်းထားတဲ့ နေရာ။ လက်ရှိအခြေအနေကတော့ သူတို့နဲ့ ပြန်လည်အဆက်အသွယ် မရသေးဘူး။ ကျွန်တော်တို့ စာထုတ်ပြီးတဲ့နောက် ဖိအားဝင်သလားတော့ မပြောတတ်ဘူး” ဟု India for Myanmar ဦးဆောင်သူ ဆလိုင်းဒိုခါရ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါအမျိုးသမီးများသည် ပြည်တွင်း၌ စစ်အုပ်စု အာဏာသိမ်းမှုကြောင့် ထွက်ပြေးတိမ်းရှောင်ရာမှ ၂၀၂၁ ခုနှစ်ကတည်းက ဖမ်းဆီးခံရပြီး ပြစ်ဒဏ်ကာလ ပြည့်မြောက်ပြီဖြစ်သော်လည်း မိခင်နိုင်ငံအတွင်း လုံခြုံရေးအခြေအနေ မတည်ငြိမ်၍ ထိုထိန်းသိမ်းရေးစင်တာသို့ ပို့ဆောင်ထားခြင်းဖြစ်သည်။
လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စည့် စစ်ဆေးမှုကို နေ့စဉ် (သို့မဟုတ်) အပတ်စဉ် ဆက်လက်ပြုလုပ်မည်ဟု ခြိမ်းခြောက်ထားပြီး စင်တာရှိ အမျိုးသမီးဆောင်၌ အမျိုးသမီး (၈၀) ဦးခန့်ရှိသော်လည်း ယခုကဲ့သို့ သီးသန့်ရွေးချယ် ပြုလုပ်မှုမှာ အိန္ဒိယနိုင်ငံ၏ ၂၀၂၃ ခုနှစ် ဘာရတီယ နာဂရစ် ဆူရတ်ရှာ ဆန်ဟီတာ (BNSS) ပုဒ်မ ၄၉ (၂) အား တိုက်ရိုက်ချိုးဖောက်ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ကာယိန္ဒြေ ဖျက်းဆီးရန် ရည်ရွယ်ချက်ဖြင့် အင်အားသုံး စော်ကားမှုကို ပြစ်မှုအဖြစ် သတ်မှတ်ထားပြီး ၂၀၂၃ ခုနှစ် ဘာရတီယ ညာယ ဆန်ဟီတာ (BNS) ပုဒ်မ ၇၄ အရ ထောင်ဒဏ်အနည်းဆုံး တစ်နှစ်အထိ ချမှတ်နိုင်ကြောင်း India for Myanmar အဖွဲ့ ၏ ထုတ်ပြန်ဖော်ပြချက်အရ သိရသည်။
ယင်းအပြင် ထိန်းသိမ်းခံထားရသူများမှာ တတိယနိုင်ငံတချို့မှ နိုင်ငံရေးခိုလှုံခွင့် ပေးထားပြီးဖြစ်သော်လည်း UNHCR ၏ ဇီဝအချက်အလက် (Biometric Data) ကောက်ယူနိုင်ရေး ကြိုးပမ်းမှုများကိုမူ သက်ဆိုင်ရာ အိန္ဒိယ အာဏာပိုင်များက ခွင့်ပြုခြင်းမျိုး မရှိသေးကြောင်း သိရသည်။
အဆိုပါ အခြေအနေသည် အိန္ဒိယနိုင်ငံကိုယ်တိုင် အဖွဲ့ဝင်အဖြစ် ပါဝင်လက်မှတ်ရေးထိုးထားသည့် နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေးများဆိုင်ရာ နိုင်ငံတကာ ပဋိညာဉ်စာချုပ် (ICCPR) အပိုဒ် (၁၀) ကို ချိုးဖောက်နေခြင်းလည်းဖြစ်ဟု India For Myanmar အဖွဲ့က ထောက်ပြထားသည်။
ထို့ကြောင့် ပွင့်လင်းမြင်သာစွာ စုံစမ်းစစ်ဆေးပေးရန်၊ မြန်မာနိုင်ငံသားများ၏ အခြေခံလူ့အခွင့်အရေးကို ကာကွယ်ပေးရန်၊ UNHCR နှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ကြားဝင်ဆောင်ရွက်ပေးရန်၊ ရင်ဆိုင်နေရ အခက်အခဲများအပေါ် နိုင်ငံတကာအသိုက်အဝန်းမှ အလေးထား ဆောင်ရွက်ပေးရန် ထိုအဖွဲ့က တိုက်တွန်းထားသည်။
ဓာတ်ပုံ- လူမှုကွန်ရက်