ဧရာဝတီတိုင်းမ်
ဇွန် ၂၆ ရက်
တောင်ကိုရီးယားနိုင်ငံ၊ ဂျယ်ဂျူကျွန်းတွင် ဇွန် ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ ကျင်းပပြုလုပ်လျက်ရှိသည့် Jeju Peace Forum 2026 တွင် ကုလသမဂ္ဂ အတွင်းရေးမှူးလောင်းများနှင့် နိုင်ငံတကာခေါင်းဆောင်များထံ ကိုရီးယားရောက် မြန်မာ့အရေးလှုပ်ရှားသူများက မြန်မာနိုင်ငံ၏ပကတိအခြေနေများနှင့် ပတ်သတ်ပြီး အိတ်ဖွင့်ပေးစာပေးပို့ခဲ့ကြောင်း သိရသည်။
အိတ်ဖွင့်ပေးစာတွင် ပကိတိမြေပြင်အခြေအနေများနှင့် မြန်မာ့ငြိမ်းချမ်းရေးအတွက် နှောင့်နှေးကြန့်ကြာမှုမရှိသည့် လက်တွေ့ကျသည့် ကူညီပံ့ပိုးမှုများ၊ ပြတ်သားသည့် အရေးယူဆောင်ရွက်မှုများကို ချက်ချင်းလုပ်ဆောင်ပေးရန် ဖိုရမ်တက်ရောက်လာသည့် နိုင်ငံတကာအသိုက်အဝန်းထံ ထည့်သွင်းတောင်းဆိုထားကြောင်း သိရသည်။

“အာဆီယံအနေဖြင့် အပြန်အလှန် ဝင်ရောက်မစွက်ဖက်ရေးမူကို ထိန်းသိမ်းရင်း အာဆီယံပဋိညာဉ်ပါ ဒီမိုကရေစီနှင့် ဥပဒေစိုးမိုးရေးစံနှုန်းများသို့ ကူးပြောင်းလာစေရန် အင်ဒိုနီးရှားနှင့် အာဆီယံတို့က မြန်မာနိုင်ငံတွင် ဒီမိုကရေစီဖော်ဆောင်ရေး ကြိုးပမ်းမှုများကို ဆက်လက် ကူညီပေးသွားမည်ဖြစ်ကြောင်း” တောင်းဆိုချက်များနှင့် ပတ်သက်၍ ဖိုရမ်တက်ရောက်လာသူ အင်ဒိုနီးရှားနိုင်ငံ သမ္မတဟောင်း ဆူဆီလို ဘန်ဘန်း ယူဒိုယိုနို (Susilo Bambang Yudhoyono) ကပြောကြားခဲ့သည်။
ဂျယ်ဂျူးငြိမ်းချမ်းရေးဖိုရမ်၏ ယခုနှစ်ခေါင်းစဉ်မှာ “ပြိုကွဲနေသော ကမ္ဘာကြီးတွင် ပူးပေါင်းဆောင်ရွက်မှုကို ပြန်လည်ဆန်းသစ်ခြင်း”(Reinventing Cooperation in a Fragmented World) ဖြစ်ပြီး ဖိုရမ်တက်ရောက်လာသူများအား လက်ကမ်းစာစောင်များဖြန့်ဝေကာ မြန်မာနိုင်ငံအရေးကမ်ပိန်းကို သုံး ရက်ဆက်တိုက် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကမ်ပိန်းအတွင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်း၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်လောင်း ငါး ဦး အပါအဝင် နိုင်ငံပေါင်း ၆၀ ကျော်မှ အဆင့်မြင့်သံတမန်များ၊ နိုင်ငံတကာရေးရာ ကျွမ်းကျင်သူများထံသို့ မြန်မာပြည်သူတို့၏အသံနှင့် အရေးပေါ်လိုအပ်ချက်များပါဝင်သည့် အိတ်ဖွင့်ပေးစာများကို တိုက်ရိုက်ပေးအပ်နိုင်ခဲ့ကြောင်းလည်း သိရသည်။
ယခုလှုပ်ရှားမှုကို စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ (ကိုရီးယား)၊ မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီ အောင်နိုင်ရေးအဖွဲ့ပေါင်းချုပ်(MFDMC) နှင့် နိုင်ငံတကာ အရပ်ဘက်လူထုလှုပ်ရှားမှု မဟာမိတ်အဖွဲ့ (KOCO) တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းကြောင်း သိရသည်။
ဓာတ်ပုံ – ပေးပို့