ဧရာဝတီတိုင်းမ်
ဇွန် ၂၆ ရက်
လူ့အဖွဲ့အစည်းအတွင်း ဒီမိုကရေစီအခွင့်အရေးနှင့်် လွတ်လပ်ခွင့်များ တိုးတက်လာစေရန်သတ္တိရှိရှိ ဦးဆောင်ကြိုးပမ်းနေကြသူများထဲမှ မြန်မာ့နွေဦးတော်လှန်ရေးတွင်းရှိ လူထုအခြေပြု စည်းရုံးလှုံ့ဆော်သူများကို အမေရိကန်အခြေစိုက် အမျိုးသားဒီမိုကရေစီရန်ပုံငွေအဖွဲ့ ( NED) ကပေးအပ်သော ၂၀၂၆ ခုနှစ် ဒီမိုကရေစီဆု ( 2026 Democracy Awards ) ရရှိကြောင်း သိရသည်။
အမျိုးသားဒီမိုကရေစီရန်ပုံငွေအဖွဲ့ (NED) က ဒီမိုကရေစီဆုပေးပွဲကို လာမည့် စက်တင်ဘာလအတွင်း ဂျော့ချ်ဝါရှင်တန်၏ မောင့်ဗာမွန်၌ ကျင်းပမည်ဖြစ်သည်။

အဆိုပါ ဒီမိုကရေစီဆုကို မြန်မာနှင့်အတူ ရုရှား၊ ကျူးဘား၊ ဆီးရီးယား၊ အီသီယိုပီးယားနိုင်ငံတို့ရှိ လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများကို ဂုဏ်ပြုဆိုချီးမြှင့်ကြောင်း ယင်းအဖွဲ့က ကြေညာလိုက်သည်။
မြန်မာနိုင်ငံမှ နွေဦးတော်လှန်ရေးအတွင်း အရပ်ဘက်ပူးပေါင်းပါဝင်မှုနှင့် လူထုကြံ့ကြံ့ခံနိုင်ရည်ရှိရန် မြေပြင်မှာလူထုစည်းရုံးလှုံ့ဆော်၊ ဦးဆောင်နေကြသူများဖြစ်သည့် လူထုအခြေပြုတော်လှန်ရေး အင်အားစုအားလုံးကို စုပေါင်းဂုဏ်ပြုကြောင်းပါဝင်သည်။

“ ဒီဆုရရှိသူတွေဟာ သူတို့ရဲ့ ကိုယ်ပိုင်လူ့အဖွဲ့အစည်းတွေထဲမှာ အဲဒီအခွင့်အရေးတွေကို ကာကွယ်ဖို့လိုတဲ့ သတ္တိနဲ့ ဇွဲလုံ့လတွေကို ကိုယ်စားပြုနေကြပါတယ်။ လွတ်လပ်ခွင့်ကတိကဝတ် တွေကိုရှေ့ဆက်သယ်ဆောင်သွားမယ့်သူတွေနဲ့ အတူကျွန်တော်တို့အတူတကွရပ်တည်ပေးခြင်းနဲ့ အမေရိကန်ရဲ့ လွတ်လပ်မှုအပေါ်သန္နိဋ္ဌာန်ဟာ ခိုင်မာတယ်လို့သတိပေးနေတာဖြစ်ပါတယ်” ဟု NED ဒါရိုက်တာ ဥက္ကဋ္ဌ Peter Roskam က ပြောကြားသည်။
အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေ ပထမပြင်ဆင်ချက်ပါ အခြေခံလွတ်လပ်ခွင့်များ ( ကိုးကွယ်ယုံကြည်မှု၊ လွတ်လပ်စွာပြောဆိုခွင့်၊ သတင်းစာလွတ်လပ်ခွင့်၊ လွတ်လပ်စွာစုဝေးခွင့်နှင့် အသနားခံတင်ပြပိုင်ခွင့်) တို့ကို ကာကွယ်စောင့်ရှောက်နေသူများကို ဆုရှင်များအဖြစ် ရွေးချယ်ခြင်းဖြစ်ကြာင်း NED ထုတ်ပြန်ချက်တွင်ပါဝင်သည်။
NED သည် အမေရိကန်သမ္မတဟောင်း ရေဂင်၏ ပျိုးထောင်ပေးချက်အရ ၁၉၈၃ ခုနှစ်တွင်စတင်တည်ထောင်ကာ လွတ်လပ်မှုနှင့် ဒီမိုကရေစီထွန်းကားပြန့်ပွားရေးအတွက် ရည်ညွှန်းလုပ်ဆောင်နေသာ ပုဂ္ဂလိဂ အကျိုးအမြတ်မယူသောဖောင်းဒေးရှင်းဖြစ်ကြောင်းသိရသည်။
ဓာတ်ပုံ – တေဇာစန်း