ဧရာဝတီတိုင်းမ်
ဇွန် ၂၆ ရက်
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ ရွေးတုအစိုးရစစ်တပ်စခန်းများသို့ စစ်ကူနှင့် ခဲယမ်းများ ဖြည့်တင်းရန်အတွက် မန္တလေးနန်းတွင်းအခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) မှတစ်ဆင့် ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်မည့် ဂေါဝိန်ဆိပ်ကမ်းသို့ စစ်သုံးယာဉ်တန်းများဖြင့် လက်နက်ခဲယမ်းများ ဆက်တိုက်သယ်ယူပို့ဆောင်နေကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန် ၂၃ ရက်နေ့တွင် မန္တလေးနန်းတွင်းမှ ခဲယမ်းများ တင်ဆောင်ထားပြီး မိုးကာ အုပ်ထားသည့် စစ်သုံးမော်တော်ယာဉ်ကြီးများသည် ဂေါဝိန်ဆိပ်ကမ်းဘက်သို့ ဦးတည်ထွက်ခွာသွားသည်ကို ဒေသခံများ မြင်တွေ့ခဲ့ကြရသည်။
ထို့အပြင် ဇွန် ၂၄ ရက် နေ့လယ် ၁၂ နာရီကျော်အချိန်တွင်လည်း အလားတူ ခဲယမ်းနှင့် ရိက္ခာများ တင်ဆောင်ထားသည်ဟု ယူဆရသည့် စစ်သုံးကားကြီး အစီး ၃၀ ခန့်သည် ကျုံးအနောက်ဘက်လမ်းအတိုင်း နန်းတွင်းမှ ထွက်ခွာသွားကြောင်း သိရသည်။
”အခုရက်ပိုင်း နန်းတွင်းထဲကနေ စစ်ကားတွေ အုပ်စုလိုက် ထွက်တာ ခပ်စိပ်စိပ်ပဲ။ မိုးကာတွေ အသေအချာအုပ်ပြီး ဆိပ်ကမ်းဘက်ကို ဆင်းနေတာ” ဟု မြေပြင်အခြေအနေကို သိရှိသည့် မန္တလေးဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မြစ်ကြောင်းသတင်းရင်းမြစ်များ၏ အဆိုအရ ယခု ဇွန်လကုန်ပိုင်းတွင် ဗန်းမော်မြို့သို့ ဦးတည်ပြီး ဆန်တက်မည့် စစ်တပ်၏ ရေကြောင်းချီ စစ်သင်္ဘောနှင့် တွဲသင်္ဘော အစီး ၂၀ ခန့်ရှိပြီး၊ အဆိုပါသင်္ဘောများပေါ်သို့ ဖြည့်တင်းရန်အတွက် ယခုကဲ့သို့ နန်းတွင်းမှတစ်ဆင့် ဆိပ်ကမ်းသို့ လက်နက်ခဲယမ်းများ ကြိုတင်ရွှေ့ပြောင်းနေခြင်းဖြစ်ကြောင်း သိရသည်။
လတ်တလောတွင် ကချင်ပြည်နယ်အတွင်း၌ ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ပူးပေါင်းတပ်များက စစ်တပ်၏ ဗျူဟာမြောက်စခန်းများကို ဆက်တိုက်သိမ်းပိုက်ထားသဖြင့် ဗန်းမော်အခြေစိပ် စခန်းများနှင့် ရှေ့တန်းစခန်းများအတွက် စစ်တပ်က မြစ်ကြောင်းကို အသုံးပြုကာ အင်အားအလုံးအရင်းသုံး၍ စစ်ကူနှင့် ခဲယမ်းဖြည့်တင်းရန် ပြင်ဆင်နေခြင်း ဖြစ်နိုင်ကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်ကြသည်။
အဆိုပါစစ်ကူဗျူဟာအတွက် ရွေးတုအစိုးရစစ်တပ်သည် တပ်မ (၈၈) လက်အောက်ခံ ချောက်အခြေစိုက် ခမရ (၄၁၆) အပါအဝင် ထုတ်နှုတ်ပူးပေါင်းတပ်အများအပြားကို စုဖွဲ့နေပြီး၊ လက်ရှိတွင် မန္တလေးတောင်ခြေအခြေစိုက် ခလရ (၉၅) ၌ ပြီးခဲ့သည့် ဇွန် ပထမပတ်အတွင်းကပင် အင်အားစုဆောင်းထားပြီးဖြစ်သည်။ ၎င်းပူးပေါင်းစစ်ကြောင်းသည် ယခု ဇွန်လကုန်တွင် မန္တလေးမှ ဗန်းမော်မြို့သို့ မြစ်ကြောင်းအတိုင်း ဆန်တက်ရန် စီစဉ်နေခြင်း ဖြစ်သည်။
ယခု စစ်ကူများစုဖွဲ့ရာနေရာဖြစ်သည့် ခလရ (၉၅) သည် ပြီးခဲ့သည့် မတ္တရာနှင့် သပိတ်ကျင်းနယ်မြေများ ပြန်လည်သိမ်းပိုက်စဉ်ကလည်း စစ်ယာဉ်တန်းများဖြင့် စစ်ကူအင်အား ဖြည့်တင်းပေးခဲ့သည့် အဓိကခြေကုပ်တပ်ရင်းတစ်ခု ဖြစ်သည်။
ရွေးတုအစိုးရစစ်တပ်သည် ဗန်းမော်သို့ ရေကြောင်းမှ စစ်ကူပို့ရန် ကြိုးပမ်းနေရုံသာမက ရွှေကူမြို့ဘက်မှနေ၍လည်း မြေပြင်စစ်ကြောင်းများ တွန်းပို့နိုင်ရန် နည်းမျိုးစုံဖြင့် အသည်းအသန် ကြိုးပမ်းနေကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဩဂုတ်လအတွင်းကလည်း ဗန်းမော်စစ်မျက်နှာတွင် ရွေးတုအစိုးရစစ်တပ် အရှုံးနှင့်ရင်ဆိုင်နေရစဉ် စစ်ရေယာဉ်အုပ်စုတစ်စု ဗန်းမော်သို့ ဆိုက်ကပ်နိုင်ခဲ့ခြင်းကြောင့် အသက်ရှူပေါက်ရကာ စစ်ရေးအလှည့်အပြောင်း ဖြစ်ခဲ့ဖူးသည်။
ထိုစဉ်က စစ်သင်္ဘောများနှင့်အတူ ပါရှိလာသည့် ဒရုန်းတပ်ဖွဲ့များ၊ ဒရုန်းလက်နက်များနှင့် ခဲယမ်းများကြောင့် ရွေးတုအစိုးရစစ်တပ်သည် စစ်ရေးအခြေအနေကို ပြောင်းလဲနိုင်ခဲ့ပြီး KIA ကို ထိုးစစ်ပြန်ဆင်နိုင်ခဲ့သည့် သာဓကရှိသည်။
ထို့ကြောင့် ယခုတစ်ကြိမ် ရေကြောင်းနှင့် မြေပြင်စစ်ကြောင်းများကို အလုံးအရင်းဖြင့် ထပ်မံစေလွှတ်ရန် ပြင်ဆင်လာခြင်းသည် ကချင်ပြည်နယ်အတွင်း ကျန်ရှိနေသည့် ၎င်းတို့၏ ဗျူဟာမြောက် အခြေခံစခန်းကြီးတစ်ခုဖြစ်သော ဗန်းမော်မြို့ မကျဆုံးရေးအတွက် နည်းပညာနှင့် လူအင်အား ပေါင်းစပ်ကာ စစ်ကစားရန် ကြိုးပမ်းလာခြင်း ဖြစ်သည်။
ရွေးတုအစိုးရစစ်တပ်၏ စစ်သင်္ဘောအုပ်စု စတင်ဆန်တက်မည့်ဇွန်လကုန်ပိုင်းတွင် မန္တလေး၊ စစ်ကိုင်းနှင့် ကချင်ပြည်နယ်အစပ်ရှိ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်တွင် မြစ်ကြောင်းစိုးမိုးရေး တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ပြီး၊ ဗန်းမော်မြို့အနီးတစ်ဝိုက်တွင်လည်း နှစ်ဖက်အပြန်အလှန် အဆုံးအဖြတ် ထိုးစစ်များကြောင့် စစ်ရေးတင်းမာမှု အရှိန်မြင့်တက်လာနိုင်ဖွယ် ရှိနေသည်။