ဧရာဝတီတိုင်းမ်
ဇွန် ၂၆ ရက်
အမေရိကန်နိုင်ငံအပါအဝင် အနောက်အုပ်စုများကို ရည်ညွှန်း၍ ပြည်ပအင်အားကြီး နိုင်ငံအချို့မှ ၎င်းတို့တပ်အင်အား လျော့နည်းလာအောင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ (EROs)နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)များကို အားပေးထောက်ပံ့နေကြောင်း ရွေးတုအစိုးရတပ်၏ ဒုချုပ် ဗိုလ်ချုပ်ကြီးကျော်စွာလင်းက ပြောသည်။
ရွေးတုအစိုးရတပ်၏ ဒုချုပ်သည် အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) အခြေစိုက် မွန်ပြည်နယ်၊ မော်လမြိုင်တပ်နယ်သို့ ယမန်နေ့ ဇွန် ၂၅ ရက်တွင် သွားရောက်၍ လက်အောက်ခံ တပ်ဖွဲ့ဝင်၊ မိသားစုများကို တွေ့ဆုံကာ ထိုသို့ထည့်သွင်း စည်းရုံးပြောဆိုသွားကြောင်း ရွေးတုအစိုးရ ဝါဒဖြန့်သတင်းစာအရ သိရသည်။
ထို့အပြင် နိုင်ငံတည်ငြိမ်အေးချမ်းရေးကို ပျက်စီးစေရန်အတွက် အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်နိုင်စေရန် အားပေးကူညီခြင်းများ လုပ်ဆောင်နေသလို ERO အချို့နှင့် PDF များမှာလည်း ၎င်းတို့ကိုယ်ကျိုးစီးပွားအတွက်သာ အဓိကထားဆောင်ရွက်လျက်ရှိကြောင်းလည်း မဟုတ်မမှန် စွပ်စွဲပြောဆိုထားသည်။
လက်တွေ့တွင် နိုင်ငံတဝန်း လေကြောင်းဗုံးကြဲ၊ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများအပါအဝင် အကြမ်းဖက်လုပ်ငန်းများ လုပ်ကိုင်နေသည်မှာ စစ်အုပ်စု အသွင်ပြောင်း ရွေးတုအစိုးရတပ်ပင်ဖြစ်ပြီး စစ်ရေးထိုးစစ် အရှိန်မြှင့်လာသည်နှင့်အမျှ ယခုကဲ့သို့ ခုခံတော်လှန်နေသည့် EROs ၊ PDF ၊ NUG ၊ CRPH စသည့် တော်လှန်ရေး အင်အားစုများကို အပြစ်လွှဲချလေ့ရှိသည်။
ယင်းအပြင် တပ်အင်အား လျော့နည်းပြုန်းတီးလာမှုကို ဖြည့်တင်းနိုင်ရန် ပြည်သူ့စစ်မှုထမ်း ဥပဒေကို အသက်သွင်းပြဋ္ဌာန်း၍ အရွယ်ရောက်သူ လူငယ်များအား ပေါ်တာဆွဲ ဖမ်းဆီးစုဆောင်းနေပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ကိုယ်ကျိုးစီးပွားအတွက် သယံဇာတများအား ရွေးတုအစိုးရနှင့် အပေါင်းအပါများက ခိုးထုတ်ရောင်းချ ပြုလုပ်နေခြင်းဖြစ်သည်။
သို့သော် အဆိုပါ လုပ်ရပ်များ၊ မူးယစ်ဆေးဝါး၊ အွန်လိုင်းလိမ်လည် ကျားဖြန့်ဂိုဏ်းများကို EROs ၊ PDF များက ကျူးလွန်လုပ်ဆောင်နေဟု ရွေးတုအစိုးရမှ အမြဲစွပ်စွဲ ထုတ်ပြန်လေ့ရှိပြီး ထိုအခြေအနေကြောင့် အခွန်အခများ၊ ဘဏ္ဍာများမှာ များစွာဆုံးရှုံး နစ်နာနေရကာ ရရှိဝင်ငွေများဖြင့် အကြမ်းဖက်လုပ်ငန်းများ လုပ်နေခြင်းဖြစ်ကြောင်း ဒုချုပ်က ထပ်မံစွပ်စွဲပြောဆိုသည်။
ရွေးတုအစိုးရနှင့်အတူ ဒုချုပ်ဖြစ်လာသော ဗိုလ်ချုပ်ကြီး ကျော်စွာလင်းသည် ၎င်းတို့ စစ်ရေးအထိနာနေသဖြင့် ကိုယ်တိုင်ဆင်းခြင်းဖြစ်ကာ ယင်းမတိုင်ခင် ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် (ကရခ)အခြေစိုက် မြိတ်တပ်နယ်၊ ကျွန်းစုမြို့ရှိ နယ်မြေခံတပ်နှင့် ဘုတ်ပြင်းတပ်နယ်တို့ကို သွားရောက်ညွှန်ကြား စည်းရုံးခဲ့ကြောင်း CDM အရာရှိများက ထောက်ပြသည်။
ထို့အတူ မော်လမြိုင်တပ်နယ်သည် မွန်နှင့် ကရင်ပြည်နယ်တို့၏ ဒေသကာကွယ်ရေးနှင့် လုံခြုံရေးပိုင်းကို အဓိကတာဝန်ယူရသော ကွပ်ကဲမှုအောက်၌ရှိပြီး ရွေးတုအစိုးရတပ်သည် မြို့ပေါ်လောက်သာ စိုးမိုးထားနိုင်သလို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ၏ စစ်ရေးအရ ဖိအားပေးမှုများ၊ ခြိမ်းခြောက်တိုက်ခိုက်မှုများအား ရင်ဆိုင်နေရသည်။
ဓာတ်ပုံ -MOI