ဧရာဝတီတိုင်းမ်
ဇွန် ၂၆ ရက်
ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်တွင် တိုက်ခန်းတစ်ခုအတွင်း ဝင်ရောက်ခိုးယူသူ အမျိုးသား တစ်ဦး အိမ်ရှင်နိုးလာသဖြင့် တိုက်ပေါ်မှ ခုန်ချထွက်ပြေးရာမှ ပြုတ်ကျ၍ သေဆုံးသွားကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်၊ (၁၃) ရပ်ကွက်၊ ဝရုဏာ (၄) လမ်းရှိ ၆ ထပ်တိုက်၏ ၄ လွှာတိုက်ခန်းအတွင်းသို့ ယမန်နေ့ ဇွန် ၂၅ ရက် နံနက် ၁ နာရီခန့်က ဝင်ရောက်ခိုးယူနေသည့် သူခိုးမှာ အိမ်ပိုင်ရှင် နိုးလာသဖြင့် ၄ လွှာပေါ်မှ ခုန်ချထွက်ပြေးခဲ့ခြင်းဖြစ်သည်။
“သူခိုးက အိမ်နဲ့တွေ့ပြီး အိမ်ရှင်က လန့်အော်တော့ သူခိုးက လန့်ပြီး နောက်ဖေးပေါက်ကနေ ခုန်ချ လိုက်တာ။ မျက်နှာနဲ့ မိလ္လာအဖုံးပေါ်ကျပြီး ခေါင်းထိသွားတယ်” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ အမျိုးသားသည် တိုက်ခန်း ၄ လွှာပေါ်မှ ခုန်ချစဉ် တိုက်အနောက်ဘက်ရှိ မိလ္လာကန်အဖုံးပေါ်သို့ မျက်နှာဖြင့် ပြုတ်ကျကာ ဒဏ်ရာပြင်းထန်စွာရရှိပြီး သတိလစ်သွားခြင်းဖြစ်ကြောင်း သိရသည်။
၎င်းအား လူမှုကူညီရေးအသင်းများက သင်္ကန်းကျွန်းဆေးရုံသို့ ဦးစွာပို့ဆောင်ခဲ့ပြီး ထိုမှတစ်ဆင့် မြောက်ဥက္ကလာပဆေးရုံသို့ လွှဲပြောင်းပို့ဆောင်စဉ် ရရှိထားသော ဒဏ်ရာများဖြင့် လမ်းတွင်ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ- အေးချမ်းဖြူစင်မေတ္တာရှင် လူမှုကူညီရေးအသင်း