ဇွန် ၂၆ ရက်
ဧရာ၀တီတိုင်းမ်

မကွေးတိုင်း၊ မြိုင်မြို့ပေါ်ရှိ မီးသတ်စခန်းအနီးတွင် ရိက္ခာထွက်ယူသည့် ရွေးတုအစိုးရ စစ်တပ် တပ်ဖွဲ့ဝင်များကို ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြိုင်-ပကဖ)က အနီးကပ်ချဉ်းကပ်၍ ပစ်ခတ်တိုက် ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ တစ် ဦး သေဆုံးပြီး နှစ် ဦး ဒဏ် ရာရရှိသွားကြောင်း သိရသည်။

မြိုင်မြို့ပေါ်ရှိ မီးသတ်စခန်းအနီး၌ အထိုင်ချထားသော စစ်တပ်ဖွဲ့ဝင်များအနက် အင်အားအနည်းငယ် ဖြင့် ရိက္ခာထွက်ယူရန် ပြင်ဆင်နေသူများကို ယမန်နေ့ ဇွန် ၂၅ ရက် နံနက် ၆ နာရီ ၄၀ မိနစ်ခန့်တွင် မြိုင် ပကဖက စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ ကြိုတင်စောင့်ကြိုကာ အနီးကပ် ချဉ်းကပ်ပစ်ခတ် ချေမှုန်းနိုင်ခဲ့ခြင်းမှာ အတွင်း သတင်းပေးချက် (ဖရဲသီးသတင်း) အရ ဖြစ်ကြောင်း မြိုင်ပကဖ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က မိဘပြည်သူများအနေဖြင့် မိမိတို့၏ ဘေးကင်းလုံခြုံရေးကို ရှေးရှု၍ စစ်အုပ်စုတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း မပြုလုပ်ကြရန်နှင့် ၎င်းတို့ ထိုင်ချ တပ်စွဲထားသော နေရာများအနီးသို့ သွားလာခြင်းများကို လုံးဝ မပြုလုပ်ကြရန် မြိုင်-ပကဖ က နှိုးဆော်တိုက်တွန်းထားသည်။

ဓာတ်ပုံ-မြိုင်ပကဖ