ဧရာဝတီတိုင်းမ်
ဇွန် ၂၆ ရက်

ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်ရှိ စစ်မှုထမ်းဟောင်း အုပ်ချုပ်ရေးမှူးတစ်ဦးသည် ရွေးတုအစိုးရ စစ်တပ်ကျော ထောက်နောက်ခံဖြင့် ရပ်ကွက်အတွင်း လိုင်စင်မဲ့ KTV ဖွင့်လှစ်ကာ စီးပွား ရှာနေသည့်အပြင် စစ်မှုထမ်းဥပဒေကို အသုံးချ၍ လူငယ်များကိုပါ ကြားပွဲစားလုပ်ကာ လူစားထိုး ရောင်းစားနေကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

ကျောင်းကုန်းမြို့နယ်၊ အမှတ် (၄) ရပ်ကွက်၏ အုပ်ချုပ်ရေးမှူးဖြစ်သူ စစ်မှုထမ်းဟောင်း ဦးသီဟ ဇော်သည် အဆိုပါ ရပ်ကွက်အတွင်း တရားမဝင် လိုင်စင်မဲ့ KTV တစ်ခုကို ဖွင့်လှစ်ထားသည့်အပြင် ဒေသခံ ပြည်သူများထံမှ စစ်မှုထမ်းကြေးများကိုလည်း လစဉ်မတရား ကောက်ခံကာ ကိုယ်ကျိုး ရှာနေခြင်း ဖြစ်သည်။

အဆိုပါအုပ်ချုပ်ရေးမှူးသည် ယခင်ကတည်းက ပြည်သူ့စစ်မှုထမ်းအကြောင်းပြချက်ဖြင့် ငွေညှစ်ခြင်း၊ ရပ်ကွက်ထဲမှ လူငယ်များကို အကြောင်းမဲ့ ဖမ်းဆီးကာ အခြားသူများနှင့် လူစားထိုးရန်အတွက် ငွေကြေးဖြင့် ပြန်လည်ရောင်းစားခြင်းများကိုပါ ကျူးလွန်နေခြင်းလည်း ဖြစ်ကြောင်း သိရသည်။

“ဒီလူက ခြေတစ်ဖက် ပြတ်ပြီး စစ်တပ်ထဲက ထွက်လာတာ။ ပြီးတော့မှ အုပ်ကြီး လာလုပ်နေတာ။ ‘ငါက စစ်ထွက်တစ်ယောက်ဖြစ်လို့ အကုန်ပိုင်တယ်၊ မြို့နယ်ကလည်း ငါ့ကို ဘာမှမလုပ်ရဲဘူး’ လို့ ပြောလေ့ရှိတယ်။ စစ်မှုထမ်းကြေး ကောက်လာတာလည်း အခုဆို နှစ်နဲ့ချီနေပြီ။ ဘာလိုင်စင်မှမရှိဘဲ KTV လည်း ဖွင့်ထားတယ်၊ လိုင်စင်မဲ့ ဝစ်သောက်ကားနဲ့ ပတ်ပြီး ရပ်ကွက်ထဲမှာ ထင်တိုင်းကြဲနေတာ” ဟု ကျုံပျော် ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အထူးသဖြင့် စစ်မှုထမ်းရန်အတွက် အစားထိုးလူ ရှာဖွေပေးရမည်ဟုဆိုကာ ဒေသခံ ပြည်သူများထံမှ ကျပ်သိန်း ၁၀၀ အထိ တောင်းခံလေ့ရှိပြီး အမှန်တကယ် လူစားထိုးသူကိုမူ ကျပ် ၆၀ ကျော် ၇၀ နီးပါးသာ ပေးချေကာ ကျန်ရှိသည့် သိန်းနှင့်ချီသော ငွေကြေးများကို ခေါင်းပုံဖြတ် အိတ်ထဲထည့်နေကြောင်း ဒေသခံများက ဆိုသည်။ ထို့ပြင် စစ်မှုထမ်းရန် ငြင်းဆန်သည့် လူငယ်များကိုလည်း ဖမ်းဆီးရိုက်နှက်ကာ အဓမ္မ စေလွှတ်ခြင်းများ ပြုလုပ်လေ့ရှိကြောင်း သိရသည်။

အုပ်ချုပ်ရေးမှူး ဦးသီဟဇော်၏ အကျင့်ပျက် ခြစားမှုများနှင့် ပတ်သက်၍ ယခင်က အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန (စစစ) က လာရောက်စစ်ဆေးခဲ့ဖူးသော်လည်း စစ်တပ်အာဏာပိုင်များနှင့် ချိတ်ဆက်ကာ ငွေပေးကမ်း၍ အမှုဖျောက်ကာ အဆင်ပြေအောင် ဖြေရှင်းသွားခဲ့ကြောင်း သိရသည်။

“ဦးသီဟဇော်က စစ်မှုထမ်းကြေးဆိုပြီး တစ်အိမ်ကို လစဉ် ငါးသောင်းနှုန်း ကောက်နေတာ အခုထိပဲ။ ဘယ်သူ့ကိုမှလည်း ဒီငွေတွေ ဘယ်ရောက်သွားလဲဆိုတာ စာရင်းရှင်းပြတာမျိုး လုံးဝမရှိဘူး” ဟု ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ဖြည့်စွက်ပြောကြားသည်။

အဆိုပါ စစ်မှုထမ်းဟောင်း အုပ်ချုပ်ရေးမှူး၏ လုပ်ရပ်များကို ရွေးတုအစိုးရ၏ မြို့နယ်အဆင့် အာဏာ ပိုင်များကပါ သိရှိသော်လည်း တစ်စုံတစ်ရာ ဖမ်းဆီးအရေးယူခြင်းမရှိဘဲ မျက်ကွယ်ပြု ပေးထား သည့်အတွက် ဒေသခံများမှာ ရန်ပြုခံရမည်ကို စိုးရိမ်သဖြင့် တိုင်ကြားရဲခြင်းမရှိကြောင်း သိရသည်။

လက်ရှိတွင် ကျောင်းကုန်းမြို့နယ်အတွင်းရှိ ဘုရားကြီးကုန်း၊ ရွံ့ဂယက်၊ တံခွန်တိုင်၊ သရက်ပင်ဆိပ်၊ ဘုန်းကြီးအိုင်နှင့် ဆင်ကူးကျေးရွာများရှိ လူငယ်အများအပြားမှာ အဆိုပါ အုပ်ချုပ်ရေးမှူး၏ ဖမ်းဆီးရောင်းစားခြင်းနှင့် စစ်မှုထမ်းရန် အဓမ္မ စေလွှတ်ခံရမည်ကို စိုးရိမ်သဖြင့် နေရပ်စွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဧရာဝတီတိုင်းမ်က စုံစမ်းသိရသည်။

ဓာတ်ပုံ-ပေးပို့

ပုံစာ-အုပ်ချုပ်ရေးမှူး စစ်မှုထမ်းဟောင်း ဦးသီဟဇော်။