ဧရာဝတီတိုင်းမ်
ဇွန် ၂၆ ရက်

 

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ ပြည်သူ့ကာကွယ် ရေးတပ်မတော် (PDF) တွင် တာဝန်ထမ်းဆောင်ရန်အတွက် တပ်သားသစ်များ ကျား/မ မရွေး လျှောက် ထားနိုင်ကြောင်း ယနေ့ဇွန် ၂၆ ရက်တွင် ထုတ်ပြန်သည်။

 

အဆိုပါ တပ်သားသစ် လျှောက်ထားသူများသည် အသက် ၁၈ နှစ်မှ ၃၀ နှစ်အတွင်း ရှိရမည်ဖြစ်ပြီး ကျန်းမာရေး အထူးကောင်းမွန်သူများ ဖြစ်ရမည်ဟု သတ်မှတ်ထားသည်။

“မိမိအပေါ် ပေးအပ်လာတဲ့ မည်သည့်တာဝန်ကိုမဆို အချိန်မရွေး၊ နေရာဒေသမရွေး ကျေပွန်စွာ ထမ်းဆောင်နိုင်ပြီး တော်လှန်ရေး ပြီးဆုံးတဲ့အထိ အတူတကွ တိုက်ပွဲဝင်နိုင်မယ့်သူတွေကို အဓိက ဖိတ်ခေါ်ထားတာ ဖြစ်ပါတယ်”ဟု တပ်သားသစ် ခေါ်ယူရေးဌာန ရန်ကုန်တိုင်းစစ်ဌာန၏ လူမှုကွန်ရက် စာမျက်နှာတွင်ဖော်ပြထား သည်။

 

အဆိုပါ လျှောက်ထားသူများထဲမှ ပြည်သူလူထုနှင့် တော်လှန်ရေးအပေါ် သစ္စာစောင့်သိပြီး တိုင်းပြည်နှင့် လူမျိုးအတွက် စွန့်လွှတ်အနစ်နာခံဝံ့သည့် အရည် အချင်းရှိသူ ကျား/မ မရွေးကို စိစစ်ရွေးချယ် သွားမည်ဖြစ်ကြောင်း သိရသည်။

 

အဓိက စစ်စည်းကမ်းနှင့် လိုက်နာရမည့် အချက်များအနေဖြင့် ကာကွယ်ရေးဝန်ကြီးဌာနက ချမှတ် ထားသည့် မူဝါဒ၊ ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များကို တိကျစွာ လိုက်နာနိုင်ရမည့်အပြင် အမိန့်နှင့် စစ်စည်း ကမ်းကို ရိုသေနာခံတတ်သူ ဖြစ်ရမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဓာတ်ပုံ-ရန်ကုန်တိုင်းစစ်ဌာန