ဧရာဝတီတိုင်းမ်
ဇွန် ၂၆ ရက်

မလေးရှားကိုယ်စားလှယ်အဖွဲ့ရဲ့ ပြီးခဲ့တဲ့ မေလအတွင်း မြန်မာနိုင်ငံခရီးစဉ်ဟာ ရွေးကောက်ပွဲအ ပြီး တက်လာတဲ့ အစိုးရသစ်ကို အသိအမှတ်ပြုတာ မဟုတ်ဘဲ မြန်မာ့အရေးဖြေရှင်းဖို့ အာဆီယံရဲ့ ဆက် သွယ်ရေးလမ်းကြောင်းကို ထိန်းသိမ်းတဲ့ အစီအစဉ်တစ်ခုသာဖြစ်တယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟတ်ဆန်က ပြောကြားလိုက်ပါတယ်။

မလေးရှားအနေနဲ့ မြန်မာစစ်အုပ်စုကို အသိအမှတ်မပြုဘူးဆိုတဲ့ မူလသဘောထားအတိုင်း ခိုင်ခိုင် မာမာ ရပ်တည်နေပြီး အခုခရီးစဉ်ကြောင့် မလေးရှားနဲ့ အာဆီယံတို့ရဲ့ ဘုံသဘောတူညီချက် ၅ ချက် အ ကောင်အထည်ဖော်ရေး ရပ်တည်ချက်အပေါ် ဘာမှသက်ရောက်မှုမရှိဘူးလို့ သူက အလေးအနက် ပြောပါ တယ်။

ဒီခရီးစဉ်ဟာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေအနေနဲ့ မြန်မာနိုင်ငံနဲ့ အလွတ်သဘော ဆက် သွယ်မှုတွေ ဆက်လုပ်သွားဖို့ တောင်းဆိုခဲ့တဲ့ (၄၈) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးရဲ့ ဆုံး ဖြတ်ချက်အရ သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

“ကျွန်တော် မြန်မာနိုင်ငံခြားရေးဝန်ကြီး တင်မောင်ဆွေနဲ့ တွေ့တုန်းက နိုင်ငံခြားရေးဝန်ကြီးဌာန မှာ မဟုတ်ဘဲ ဟိုတယ်တစ်ခုမှာ တွေ့ခဲ့တာပါ။ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်လာဖို့ မလေးရှားနဲ့ အာဆီယံတို့ မျှော်လင့်ထားတဲ့ ကိစ္စရပ်တွေကို ကျွန်တော် ပြောကြားခဲ့ပါတယ်” လို့ မလေးရှားလွှတ် တော်မှာ လွှတ်တော်အမတ်တစ်ဦးရဲ့ မေးခွန်းကို ပြန်လည်ဖြေကြားရာမှာ ၎င်းက ပြောပါတယ်။

သူက မြန်မာနိုင်ငံအနေနဲ့ အာဆီယံအဖွဲ့ဝင်ဖြစ်လို့ ရပိုင်ခွင့်တွေ ရှိနေသလို တစ်ဖက်မှာလည်း အာဆီယံအဖွဲ့ဝင်နိုင်ငံပီပီ လိုက်နာရမယ့် တာဝန်ဝတ္တရားတွေကိုလည်း ထမ်းဆောင်ရမယ်ဆိုတာကို တွေ့ ဆုံပွဲမှာ ၎င်းက သတိပေးခဲ့ပါတယ်။

မလေးရှားအနေနဲ့ မြန်မာနိုင်ငံနဲ့ ဆွေးနွေးပြောဆိုမှုတွေကို ဆက်လုပ်သွားမှာဖြစ်ပြီး အာဆီယံအ နေနဲ့ မြန်မာနိုင်ငံကို ပိုပြီးအထီးကျန်မဖြစ်စေချင်သလို ပြင်ပအဖွဲ့အစည်းတွေ ဝင်ရောက်စွက်ဖက်နိုင်မယ့် လဟာပြင်မျိုး ဖြစ်မသွားစေချင်ဘူးလို့ မိုဟာမက်ဟတ်ဆန်က ဆက်ပြောပါတယ်။

“မြန်မာနိုင်ငံနဲ့ ဆက်သွယ်ရေးလမ်းကြောင်း ပွင့်နေဖို့ လိုပါတယ်။ တကယ်လို့ မြန်မာနိုင်ငံက ဆက်ပြီး အထီးကျန်နေမယ်ဆိုရင် လဟာပြင်တစ်ခု ဖြစ်လာပြီး ကိုယ်ကျိုးရှာမယ့် ပြင်ပအဖွဲ့အစည်းတွေ ဝင်လာနိုင်လို့ ဒါဟာ အာဆီယံတစ်ခုလုံးအတွက် မကောင်းပါဘူး” လို့ ၎င်းက ဆိုပါတယ်။

မြန်မာ့အရေး ဖြေရှင်းနိုင်ဖို့အတွက် မလေးရှားအနေနဲ့ မြန်မာ့အရေး သက်ဆိုင်သူတွေနဲ့ နောက် ထပ်ဆွေးနွေးပွဲတွေကို လာမယ့် ဇူလိုင်လဆန်း ဒါမှမဟုတ် ဇူလိုင်လလယ်ပိုင်းမှာ ထပ်မံပြုလုပ်သွားဖို့ ရှိ နေပါတယ်။

မလေးရှားအနေနဲ့ ဘုံသဘောတူညီချက် ၅ ချက်နဲ့အညီ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ အပစ်အ ခတ်ရပ်စဲဖို့၊ အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတွေလုပ်ဖို့နဲ့ လူသားချင်းစာနာမှု အကူအညီတွေ ပြည်သူတွေ လက်ထဲ ရောက်ရှိဖို့အတွက် အားလုံးကို ဆက်လက်တိုက်တွန်းသွားမယ်လို့ သူက ပြောပါတယ်။

ကိုးကား – Bernama
Ref; Visit To Myanmar Not A Recognition Of Junta – FM Mohamad