ဧရာဝတီတိုင်းမ်
ဇွန် ၂၅ ရက်

 

နိုင်ငံတကာ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့ (FATF) ၏ နောက်ဆုံးထုတ်ပြန်ချက်အရ မြန်မာနိုင်ငံသည် ငွေကြေးခဝါချမှုဆိုင်ရာ အမည်မည်းစာရင်း (Blacklist) တွင် ဆက်လက်ထည့်သွင်းခံထားရပြီး လာမည့်အောက်တိုဘာလအတွင်း သိသာထင်ရှားသည့် တိုးတက်မှုမရှိပါက ပြင်းထန်သော တန်ပြန်အရေးယူမှုများ ပြုလုပ်သွားမည်ဟု ယင်းအဖွဲ့က သတိပေးလိုက်သည်။

 

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တွင် ဇွန်လ ၁၉ ရက်နေ့က ပြုလုပ်ခဲ့သော FATF ၏ အထွေထွေအစည်းအဝေးအပြီးတွင် အရေးယူဆောင်ရွက်ရန် တောင်းဆိုထားသည့် အန္တရာယ်ကြီးမားသော စီရင်ပိုင်ခွင့်နယ်မြေများအဖြစ် မြန်မာနိုင်ငံနှင့်အတူ မြောက်ကိုရီးယား၊ အီရန်တို့အမည်မည်းစာရင်းတွင် ဆက်လက်ထားရှိကြောင်း တရားဝင်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

 

မြန်မာနိုင်ငံအနေဖြင့် အွန်လိုင်းလောင်းကစားနှင့် ဆိုင်ဘာငွေလိမ်လည်မှုများမှ ထွက်ပေါ်လာသည့် တရားမဝင်ငွေကြေးစီးဆင်းမှုများကို ကိုင်တွယ်ဖြေရှင်းရန် ပျက်ကွက်နေခြင်း၊ ပြစ်မှုဆိုင်ရာနည်းလမ်းဖြင့် ရရှိထားသော ပိုင်ဆိုင်မှုများကို ထိရောက်စွာ သိမ်းဆည်းနိုင်ခြင်းမရှိခြင်းနှင့် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ (FIU) ၏ စစ်ဆေးမှုအပိုင်းများတွင် မဟာဗျူဟာမြောက် အားနည်းချက်များ ရှိနေဆဲဖြစ်ကြောင်း FATF က ထောက်ပြထားသည်။

FATF က အဖွဲ့ဝင်နိုင်ငံများနှင့် နိုင်ငံတကာဘဏ္ဍာရေးအဖွဲ့အစည်းများအနေဖြင့် မြန်မာနိုင်ငံနှင့် ဆက်စပ်သည့် ငွေလွှဲပြောင်းမှု၊ စီးပွားရေးလုပ်ဆောင်မှုများကို အထူးတိုးမြှင့်စိစစ်သည့် လုပ်ငန်းစဉ်များ (Enhanced Due Diligence) ချမှတ်ကျင့်သုံးရန် တိုက်တွန်းထားပြီး ကန့်သတ်ချက်များ ပိုမိုပြင်းထန်လာပါက ပြည်ပရောက်မြန်မာလုပ်သားများ၏ ပြန်ပို့ငွေများနှင့် နိုင်ငံတကာကုန်သွယ်မှုများအပေါ် ရိုက်ခတ်မှုများ ပိုမိုကြီးမားလာနိုင်ကြောင်း စီးပွားရေးလေ့လာသူများက သုံးသပ်ကြသည်။

 

မြန်မာနိုင်ငံသည် ၂၀၂၂ ခုနှစ် အောက်တိုဘာလကတည်းက FATF ၏ အမည်မည်းစာရင်းသို့ စတင်ထည့်သွင်းခံခဲ့ရခြင်းဖြစ်ပြီး ယခုအခါ ဘဏ္ဍာရေးဆိုင်ရာ အရေးယူပိတ်ဆို့မှု အန္တရာယ်များနှင့် ဆက်လက်ရင်ဆိုင်နေရဆဲ ဖြစ်သည်။

 

၂၀၂၂ ခုနှစ် အောက်တိုဘာလ FATF မျက်နှာစုံညီအစည်းအဝေးတွင် မြန်မာနိုင်ငံအား Public Statement တစ်နည်းအားဖြင့် (Black List) စာရင်းတွင်ထည့်သွင်းခံရပြီး ယင်းမှ လွတ်မြောက်နိုင်ရေးအတွက် အာဏာသိမ်းစစ်တပ်က မြန်မာနိုင်ငံ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ ဖွဲ့စည်းပြီး ဖြေရှင်နိုင်ရန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ခြင်းဖြစ်သည်။

 

FATF သည် ၁၉၉၀ ခုနှစ် ဧပြီလတွင် ကမ္ဘာ့နိုင်ငံများအနေဖြင့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးလုပ်ငန်းများကို ထိရောက်စွာ‌ ဆောင်ရွက်နိုင်ရန် နှင့် ငွေကြေးခဝါချမှု၏ ဦးတည်ရာလမ်းကြောင်းများ၊ နည်းလမ်းများအား သိရှိနိုင်စေရန် အကြံပြုချက်(၄၀)ကို လည်းကောင်း၊အဆိုပါအကြံပြုချက်စံနှုန်းများကို ကမ္ဘာလုံးဆိုင်ရာမူဝါဒကဲ့သို့ ကမ္ဘာမှလက်ခံ၍ နိုင်ငံပေါင်း(၁၉၀)ကျော်မှ လိုက်နာ ကျင့်သုံး ဆောင်ရွက်လျက်ရှိသည်။

 

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာပေါ်ရှိနိုင်ငံနှင့်ဒေသအားလုံးသည် FATF မှ ထုတ်ပြန်သည့် အကြံပြုချက် ၄၀(40 Recommendations) ကို ကမ္ဘာလုံးဆိုင်ရာမူဝါဒကဲ့သို့ လိုက်နာဆောင်ရွက်ကြရသည်။

 

ယင်းအကြံပြုချက် ၄၀တွင် မြန်မာနိုင်ငံက ၂၄ ချက်သာပြည့်မီ၍ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး(Anti Money Laundering-AML)၊ အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး (Countering the Financing of Terrorism-CFT) နှင့် လူအများအပြား သေကျေစေ နိုင်သော လက်နက်များပြန့်ပွားစေရန် ငွေကြေးထောက်ပံ့မှုအပေါ် ဘဏ္ဍာရေးအရ ပစ်မှတ်ထားအရေးယူဆောင်ရွက်ရေး (Targeted Financial Sanction of Proliferation) စသည်တို့နှင့်ငြိစွန်းလျက်ရှိကြောင်းသိရသည်။

 

ဓာတ်ပုံ – MOI