နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇွန် ၂၅ ရက်
တနင်္သာရီတိုင်းတွင် စစ်ရေး အထိနာမှုကို ကိုင်တွယ်ရန်၊ ရုရှားနိုင်ငံနှင့် ပူးပေါင်းလုပ်နေသည့် ထားဝယ်အထူးစီးပွားရေးဇုန်အပါအဝင် စီမံကိန်းများ အကောင်အထည်ဖော်နိုင်ရန် အာဏာသိမ်း ရွေးတုအစိုးရ၏ ဒုကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ကျော်စွာလင်း မြေပြင်ဆင်း တပ်စုပြင်စည်းရုံးနေကြောင်း သိရသည်။
ဒုချုပ်သည် ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် (ကရခ) အခြေစိုက် မြိတ်တပ်နယ်၊ မဟာဗျူဟာမြောက်ဖြစ်သည့် ကျွန်းစုမြို့ရှိ နယ်မြေခံတပ်နှင့် အမှတ် (၁၃) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၃) ရုံးစိုက်ရာ ဘုတ်ပြင်းတပ်နယ်တို့ကို ဇွန် ၂၃ ရက်မှစ၍ သွားရောက်နေကြောင်း ၎င်းတို့လက်အောက်ခံ ဝါဒဖြန့် သတင်းစာများအရ သိရသည်။
ထိုဒေသသည် စစ်အုပ်စု အသွင်ပြောင်း ရွေးတုအစိုးရအတွက် ထိုင်း-မြန်မာနယ်စပ်နှင့် ကမ်းရိုးတန်းလုံခြုံရေးအတွက် အရေးပါပြီး တော်လှန်ရေး အင်အားစုများ၏ တိုက်ခိုက်မှုများ ပြင်းထန်လာသဖြင့် ၎င်းကိုယ်တိုင် မြေပြင်ဆင်း တပ်တွင်းစည်းရုံးရေး လုပ်လာခြင်းဖြစ်ကြောင်း လေတပ် CDM တပ်ကြပ်ကြီး ဇေယျက ဧရာဝတီတိုင်းမ်ကို ထောက်ပြပြောသည်။
“အဓိကတော့ ဒေသလုံခြုံရေး ဆိုတာထက် တပ်ချုပ်နဲ့ ဒုချုပ်ချိန်းတာ သိပ်မကြာသေးတော့ စည်းရုံးရေးနဲ့ သူတို့ကိုယ်သူတို့ ပြန်တည်ဆောက်တဲ့ ပုံစံမျိုးပါပဲ။ တနင်္သာရီတိုင်းမှာလည်း အခုနောက်ပိုင်း တော်လှန်ရေးဘက်က တိုက်ခိုက်မှုတွေ အတော်ရှိလာတယ်။ လမ်းပိုင်းအချို့ကိုလည်း တော်လှန်ရေးဘက်က ထိန်းချုပ်ထားနိုင်တယ်” ဟု ၎င်းက ဆိုသည်။
ရွေးတုအစိုးရ၏ ထုတ်ပြန်ချက်၌လည်း ထားဝယ်ရေနက်ဆိပ်ကမ်းကဲ့သို့ မဟာဗျူဟာမြောက် စီမံကိန်းများနှင့် ပြည်ထောင်စုလမ်းမကြီးဖြစ်သည့် ရေး-ထားဝယ်-မြိတ်-ဘုတ်ပြင်း-ကော့သောင်း လမ်းကြောင်းကို ထိထိရောက်ရောက် ကာကွယ်ချေမှုန်း ရှင်းလင်းရန်အပါအဝင် တပ်တွင်းစည်းရုံးရေးအား ဒုချုပ်က အဓိကထား ထည့်သွင်းဆိုကြောင်း ဖော်ပြထားသည်။
လက်ရှိတွင် ရေး-ထားဝယ်-မြိတ်-ဘုတ်ပြင်း-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးပေါ်၌ အာဏာသိမ်း ရွေးတုအစိုးရ တပ်များနှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ KNLA တပ်ရင်းများ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ရေးပြင်းထန်နေသည်။
ထို့အပြင် ပြီးခဲ့သည့် ဧပြီအတွင်းကလည်း ဘုတ်ပြင်းမြို့နယ်အတွင်းရှိ ဘိုဒါးဗျူဟာစခန်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
အာဏာသိမ်း ရွေးတုအစိုးရ၏ ဒုချုပ်ဖြစ်ပြီး သုံးလအကြာတွင် လာရောက်သော ယင်းခရီးစဉ်သည် ၎င်းဩဇာအာဏာ အခြေခိုင်စေရန်နှင့် နောက်တန်း၌ ပြန်လည်တပ်စုဖွဲ့၊ လေ့ကျင့်နေမှုများကို ကိုယ်တိုင်ဆင်းကာ တပ်တွင်းစည်းရုံး၍ ညွှန်ကြားခိုင်းစေရန်ဖြစ်ကြောင်း စစ်ဘက်ဆိုင်ရာ လေ့လာစောင့်ကြည့်နေသည့် လုပ်သက်ရင့် CDM ဗိုလ်ကြီး ဇင်ယော်က ဆိုသည်။
“နယ်စပ်စခန်းတွေနဲ့ ပြည်ထောင်စုလမ်းမကြီးတကြောကို အဓိကပြန်ပြီးတော့ စိုးမိုးရေးလုပ်လာမယ့် စီမံချက်တွေအတွက် သူအရေးပေါ်လာတဲ့ အနေအထားမျိုးလို့ ကျွန်တော်ကတော့ ယူဆမိပါတယ်” ဟု ၎င်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယင်းအပြင် ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် (ကရခ) နှင့် လက်အောက်ခံ ဘုတ်ပြင်းအခြေစိုက် စကခ-၁၃ ၊ ခလရ-၄၃၂ အပါအဝင် တပ်ရင်းများတွင် ထိခိုက်သေဆုံးမှု၊ စစ်မှုထမ်းဥပဒေဖြင့် အတင်းအဓမ္မ ဖမ်းဆီးစုဆောင်းထားသော တပ်သားသစ်များ စွန့်ခွာထွက်ပြေးမှု၊ တော်လှန်ရေး တပ်ဖွဲ့များထံ အလင်းဝင်မှုများရှိနေသည်။
အလားတူ ရုရှားအစိုးရနှင့် ပူးပေါင်းလုပ်နေသော ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် ရေနံချက်စက်ရုံ တည်ဆောက်ရေးအပါအဝင် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းကိုလည်း ဒုချုပ်ခရီးစဉ် မတိုင်မီ၌ပင် ရွေးတုအစိုးရမှ ပြန်လည်အကောင်အထည်ဖော်နိုင်ရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းနေကြောင်း Dawei SEZ Watch အဖွဲ့က ပြောဆိုထားသည်။
“ထားဝယ်အထူးစီးပွားရေးဇုန် ဧရိယာအတွင်းနဲ့ အနီးတဝိုက်မှာ စစ်ရေးလှုပ်ရှားမှုတွေ၊ စစ်ကြောင်းထိုးတာတွေ ပိုမိုတွေ့လာရသလို အခြားတစ်ဖက်မှာလည်း ဒေသခံတွေနဲ့ ထိတွေ့ဆက်ဆံမှု၊ လူထုစည်းရုံးရေး လုပ်လာတာကို တွေ့ရတယ်။ အခုခရီးစဥ်က စီမံကိန်းကို အကောင်အထည်ဖော်နိုင်ဖို့ကြိုးပမ်းမှု ဖြစ်
မယ်ထင်တယ်” ဟု Dawei SEZ Watch အဖွဲ့ဝင် ဟေတုက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် အာဏာသိမ်း ရွေးတုအစိုးရတပ်မှ စစ်ကြောင်းများထိုးခြင်း၊ ပြည်သူ့နေအိမ် မီးရှို့ဖျက်ဆီးခြင်း၊ အရပ်သားများကို ဖမ်းဆီးခြင်းနှင့် ၎င်းတို့ကြောင့် ထိခိုက်သေဆုံးမှု များပြားလာသဖြင့် ဒေသခံပြည်သူများ မကြာခဏ နေရပ်စွန့်ခွာ တိမ်းရှောင်နေရပြီး စီမံကိန်းဧရိယာအတွင်း၌လည်း ရွေးတုအစိုးရတပ်အချို့ လက်ရှိတပ်စွဲထားကြောင်း သိရသည်။
ဓာတ်ပုံ- MOI