ဧရာဝတီတိုင်းမ်
ကန်ပက်လက်၊ ဇွန် ၂၅ ရက်

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် အမှတ် (၅) ဒေသတွင် စစ်ကော်မရှင်တပ်၏ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်သည့်အတွက် တစ်နှစ်ခွဲ ကလေးငယ်တစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့ကြောင်း မြို့နယ် လူသားစာနာ ဘေးစီမံဌာနက ယနေ့ ဇွန် ၂၅ ရက်တွင် ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဇွန်လ ၂၁ ရက်နေ့တွင် အရပ်သားပြည်သူများသည် စစ်ဘေးရှောင်ရန် သွားလာနေစဥ် စစ်တပ်မှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် ၂၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် တစ်နှစ်ခွဲအရွယ် ကလေးငယ်တစ်ဦးတို့ သေဆုံးခဲ့ပြီး ၂၃ နှစ်အရွယ် အမျိုးသား နှစ်ဦးနှင့် ၅၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့မှာလည်း ပြင်းထန် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

“စစ်တပ်က ကန်ပက်လက်နဲ့ မင်းတပ်မြို့နယ်ဘက်ကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေသလို လေကြောင်းတိုက်ခိုက်မှုတွေကိုလည်း အပြင်းအထန် ပြုလုပ်နေတယ်။ အရပ်သားပစ်မှတ်တွေကိုပါ ဦးတည်ပြီး တိုက်ခိုက်တာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်” ဟု ကန်ပက်လက်ဒေသခံတစ်ဦးက ဧရာဝတီတိုင်မ်းကို ပြောသည်။

လက်ရှိအခြေအနေတွင် စစ်ကော်မရှင်တပ်ဖွဲ့များသည် မင်းတပ်မြို့နယ်နှင့် ကန်ပက်လက်မြို့နယ်အတွင်း မြေပြင်မှတဆင့် စစ်ကြောင်းများ ထိုးခြင်း၊ လေကြောင်းမှတဆင့် ဗုံးကြဲခြင်းတို့ကို အရှိန်မြှင့် ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုများသည် စစ်ရေးပစ်မှတ်များသာမက အရပ်သားများ ခိုလှုံရာနှင့် သွားလာရာလမ်းကြောင်းများကိုပါ ပစ်မှတ်ထားတိုက်ခိုက်လာသည့်အတွက် ဒေသခံများမှာ စိုးရိမ်မှုမြင့်တက်နေကြောင်း သိရသည်။

တောတောင်များအတွင်း ခိုလှုံနေကြသည့် စစ်ဘေးရှောင်ပြည်သူများအနေဖြင့် အခြေအနေအရပ်ရပ်ကို အထူးသတိပြု သွားလာနေထိုင်ကြရန် ကန်ပက်လက်မြို့နယ် လူသားစာနာ ဘေးစီမံဌာနက တိုက်တွန်း အသိပေးထားသည်။