ဧရာဝတီတိုင်းမ်
ဇွန် ၂၅ ရက်

 

ခုခံတော်လှန်မှု အားကောင်းသည့် စစ်ကိုင်းတိုင်းတွင် စစ်အုပ်ချုပ်ရေးအမိန့် ထည့်သွင်းကြေညာကာ ထိုးစစ် အရှိန်ဟုန်မြှင့်နေသော်လည်း နှစ်လအတွင်း ရွေးတုအစိုးရစစ်တပ်မှ တပ်ဖွဲ့ဝင် ၃၃ ဦး သေဆုံး ကာ ၁၇ ဦး ဒဏ်ရာရ၍ လက်နက်များနှင့်အတူ သုံ့ပန်း နှစ်ဦး ဖမ်းမိရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က ဆိုသည်။

 

NUG ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) သည် တိုင်းစစ်ဌာန များအလိုက် စစ်ဆင်ရေးများ စနစ်တကျ ဖော်ဆောင်လျက်ရှိရာ စစ်ကိုင်းတိုင်းစစ်ဌာန ကွပ်ကဲမှု အောက်ရှိ စစ်ဆင်ရေးနယ်မြေအသီးသီး၌ ယခုနှစ်၊ မေနှင့်ဇွန် တတိယပတ်အတွင်း ထိုကဲ့သို့ အခြေအနေရှိကြောင်း ယမန်နေ့ ဇွန် ၂၄ ရက်က ထုတ်ပြန်လာသည်။

 

မုံရွာ-ယာကြီး-ကလေးဝလမ်းပေါ် သင့်ငံရွာသို့ ရောက်ရှိနေသော တပ်မ(၉၉) လက်အောက်ခံ ခမရ-၁၄ မှ အင်အား ၂၀၀ ပါ စစ်ကြောင်းကို ပြီးခဲ့သည့် မေ ၅ ရက်တွင် ယင်းမာပင်ခရိုင် စစ်ဌာနကွပ်ကဲမှုဖြင့် မိုင်းခွဲတိုက်ခိုက်ရာ စစ်အုပ်စုဘက်မှ ခြောက် ဦး သေဆုံး၍ ထိခိုက်ဒဏ်ရာရသူ အများအပြားရှိကြောင်း သိရသည်။

အဆိုပါ စစ်ကြောင်းမှ ခွဲထွက်လာသော အင်အား ၅၀ ပါ စစ်ကြောင်းသည် မေ ၆ ရက်တွင် ချောင်းမရွာကိုရောက်ရှိ၍ စစ်အုပ်စု တပ်သားတစ်ဦး၏ ရုပ်အလောင်းအား မြုပ်နှံကာ၊ ကျန်ဒဏ်ရာရ တပ်သားများနှင့် ဘန့်ဘွေး(ပျူရွာ)သို့ ဝင်ရောက်သွားခဲ့ကြောင်း NUG လက်အောက်ခံ PDF စစ်ရုံးချုပ်မှ သိရသည်။

 

ယင်းအပြင် မြင်းမူမြို့နယ်၊ အလ္လကပ္ပရွာ အရှေ့ထိပ် (စအရ ၉၀၉၊ ပသစ) ဂိတ်မှ မေ ၁၉ ရက်တွင် ထွက်လာသော စစ်အုပ်စုတပ်ဖွဲ့များကိုလည်း လက်လုပ်မိုင်း သုံးလုံးဖြင့် NUG လက်အောက်ခံ PDF တပ်များက မိုင်းဆွဲတိုက်ခိုက်ရာ သုံးဦး သေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

 

အလားတူ စစ်အုပ်စု၏ တပ်မ (၃၃) လက်အောက်ခံ ခလရ – ၇၆ ၊ ခမရ – ၁၃၊ ရတဖ – ၁၆၊ ပြည်သူ့စစ် ပူးပေါင်းအင်အား ၁၀၀ ပါ စစ်ကြောင်းကို ဇွန် ၂ ရက်တွင် ချောင်းဦး – ပခုက္ကူ လမ်းပိုင်းပေါ်ရှိ မှန်ချိုကျေးရွာမှတဆင့် ဆင်မြေကျေးရွာဘက်သို့ ထွက်ခွာလာချိန် ကြားဖြတ်တိုက်ခိုက်ခဲ့သည်။

ယင်းတိုက်ခိုက်မှုကို မုံရွာခရိုင် ပေါင်းစည်းတပ်ရင်းများနှင့် ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ)၊ ချောင်းဦးမြို့နယ် ပ.က.ဖ ၊ စစ်ကိုင်းခရိုင် ပ.က.ဖ ၊ ချောင်းဦးမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပ.လ.ဖ) တို့ ပူးပေါင်း၍ မုံရွာခရိုင်စစ်ဌာန၏ ကွပ်ကဲမှုဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

 

ထို့နောက် စစ်အုပ်စု၏ ရှေ့ပြေးတပ်စု အထိနာ၍ မှန်ချိုကျေးရွာအတွင်းသို့ ပြန်လည်ဆုတ်ခွာ ထွက်ပြေး သွားစဉ် လိုက်လံရှင်းလင်း ခြေမှုန်းသဖြင့် စစ်အုပ်စုတပ်များသည် ပြည်သူပိုင်ကားများကို ချောဆွဲ၍ ချောင်းဦးမြို့နယ်အတွင်း ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း PDF စစ်ရုံးချုပ်က ဆိုထားသည်။

 

အဆိုပါ စစ်ဆင်ရေးအတွင်း အကြမ်းဖက် စစ်အုပ်စုဘက်မှ ၂၃ ဦး သေဆုံး၍ ကိုး ဦး ထိခိုက်ဒဏ်ရာ ရရှိကာ တော်လှန်ရေး အင်အားစုများအနေဖြင့် စစ်အုပ်စု စစ်သုံ့ပန်း နှစ် ဦးကိုလည်း အရှင်ဖမ်းဆီးရမိပြီး လက်နက်မျိုးစုံ ၁၆ လက် သိမ်းဆည်းရမိခဲ့ကြောင်း PDF စစ်ရုံးချုပ်က ထုတ်ပြန်ထားသည်။

 

ယင်းအပြင် ဇွန် ၅ ရက်၌ပင် စစ်ကိုင်းနှင့် မြင်းမူမြို့နယ်တွင် စစ်အုပ်စု၏ သံပြားကာကား ၁၆ စီး၊ ဆီဘောက်ဆာကား ၁၄ စီး၊ ၁၂-ဘီးကား နှစ် စီး နှင့် ၆-ဘီးကား ငါးစီးတို့ကို စစ်ကိုင်းခရိုင် စစ်ဌာန ကွပ်ကဲမှုဖြင့် မိုင်းဆွဲတိုက်ခိုက်ရာ ကား တစ် စီးပျက်စီး၍ ထိခိုက်ဒဏ်ရာရသူ အများအပြားရှိကြောင်း သိရသည်။

 

ထို့အတူ ဇွန် ၁၅ ရက်တွင် မြင်းမူနှင့် စစ်ကိုင်းမြို့မှ ထွက်လာသော စစ်အုပ်စုအင်အား ၂၅ ဦးခန့်နှင့် ယာဥ်တန်းတို့ကို လက်လုပ်မိုင်း၊ ပဒေသာမိုင်းများဖြင့် မိုင်းဆွဲတိုက်ခိုက်ရာ ကား နှစ်စီး ထိခိုက်ပျက်စီး သွားသလို ဇွန် ၁၈ ရက်၌လည်း ဘုတလင်မြို့တွင် စစ်အုပ်စုစစ်ကြောင်းကို မိုင်းဆွဲရာ ငါး ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

 

ထို့ကြောင့် ယခုနှစ်၊ မေနှင့်ဇွန် တတိယပတ်အတွင်း စစ်ကိုင်းတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ စစ်ဆင်ရေးနယ်မြေအသီးသီး၌ စုစုပေါင်း ရွေးတုအစိုးရစစ်တပ်မှ တပ်သား ၃၃ ဦး သေဆုံးကာ ၁၇ ဦး ထိခိုက်ဒဏ်ရာရ၍ စစ်သုံ့ပန်း နှစ် ဦးအပါအဝင် လက်နက်မျိုးစုံ ၁၆ လက်နှင့် ခဲယမ်းပစ္စည်းများကို သိမ်းပိုက်ရရှိခဲ့ကြောင်း NUG ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ဓာတ်ပုံ- PDF စစ်ရုံးချုပ်