ဧရာဝတီတိုင်းမ်
(ကရင်နီ)၊ ဇွန် ၂၅ ရက်

 

ကရင်နီပြည်နယ်၊ နန်းမယ်ခုံမြို့ရှိ ကျေးရွာတစ်ရွာသို့ စစ်တပ်က ယမန်နေ့ ဇွန် ၂၄ ရက်နေ့၊ နေ့လယ် တစ်နာရီဝန်းကျင်တွင် ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် နှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

 

လီဝိုးကျေးရွာရှိ မူ‌ကြိုကျောင်းအနီးသို့ ရွေးတုအစိုးရလက်အောက်ခံ စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ဒရုန်းဖြင့်ဗုံးကြဲခဲ့ရာ အသက် ၁၀ နှစ်အရွယ်မိန်းကလေးငယ် တစ်ဦးနှင့် အသက် ခြောက်နှစ်အရွယ် ယောကျာ်းကလေးငယ်တစ်ဦးတို့ ထိခိုက်သေဆုံးခဲ့ရကြောင်း သိရသည်။

 

ထို့ပြင် စစ်တပ်ကဒရုန်းဖြင့်တိုက်ခိုက်သည့်အတွက် လာရောက်အကူအညီပေးစဉ် ထပ်မံဗုံးသီးချတိုက်ခိုက်ခဲ့သည့်အတွက် ၁၉ နှစ်အရွယ် အမျိုးသားတစ်ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

“လူထုကိုပစ်မှတ်ထားပြီး တိုက်ခိုက်တယ်။ မူကြိုကျောင်းက ကလေး တစ်ယောက်ပါတယ်လို့သိရတယ်။ ဒီဘက် ဖယ်ခုံနဲ့ နန်းမယ်ခုံအစပ်ဘက် ယခင်လည်းနန်းမယ်ခုံဘက်က ဒရုန်းတွေ လက်နက်ကြီးတွေနဲ့အပစ်ခံရတဲ့ဖြစ်စဉ်တွေရှိပါတယ် “ ဟု ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) အတွင်းရေးမှူး-၂ ဗညားခွန်အောင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

နန်းမယ်ခုံဒေသသည် ယခင်လများအတွင်းကလည်း စစ်တပ်၏ လက်နက်ကြီးပစ်ခတ်ခြင်း၊ ဒရုန်းဖြင့်‌ဗုံးကြဲခြင်းများကို ဆက်တိုက်ပြုလုပ်ခြင်းခံခဲ့ရပြီး ဒေသခံများကစစ်ဘေးရှောင်တိမ်းနေခဲ့ရကာ ယခုနေရပ်ပြန်နေထိုင်ချိန်တွင် စစ်တပ်ကထပ်မံ၍ အကြမ်းဖက်တိုက်ခိုက်ခြင်းဖြစ်သည်။

 

ထို့ပြင် ယမန်နေ့ညပိုင်းကလည်း ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းတစ်နေရာရှိ စစ်ဘေးရှောင်စခန်းဝန်းကျင်သို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း သိရသည်။

 

ဓာတ်ပုံ – လူမှုကွန်ရက်