‎ဧရာဝတီတိုင်းမ်
‎ဇွန် ၂၅ ရက်

 

ဧရာဝတီဘဏ် (AYA Bank) ၏ လျှောက်လွှာလက်ခံသည့် ဝဘ်ဆိုက် (Application Portal) အဟောင်း တစ်ခု ဟက်ကာများ၏ တိုက်ခိုက်ခြင်းခံရပြီး အချက်အလက်အချို့ ပြင်ပသို့ ပေါက်ကြားမှု ဖြစ်ပွားခဲ့သော်လည်း ငွေကြေးဆိုင်ရာ ဆုံးရှုံးမှုတစ်စုံတစ်ရာ မရှိကြောင်း ဘဏ်ဘက်က ယနေ့ ဇွန်လ ၂၅ ရက်နေ့တွင် ထုတ်ပြန်သည်။

 

အဆိုပါ ပေါက်ကြားမှု ဖြစ်စဉ်တွင် သုံးစွဲသူများ၏ ငွေကြေးဆိုင်ရာ အချက်အလက်များ ပါဝင်ခြင်းမရှိဘဲ လျှောက်လွှာပေါ်ရှိ သာမန်ကိုယ်ရေးအချက်အလက်အချို့သာဖြစ်ကြောင်း ဘဏ်ဘက်က ဆိုထား သည်။

 

ထို့ပြင် ဆိုက်ဘာတိုက်ခိုက်မှု ခံခဲ့ရသော အဆိုပါ ဝဘ်ဆိုက်သည် ဘဏ်၏ ပင်မစနစ်များဖြစ်သည့် Core Banking၊ AYA Pay နှင့် ကတ်စနစ် (Card System) တို့ကို တိုက်ရိုက် ချိတ်ဆက်ထားခြင်း မရှိသဖြင့် အခြားဘဏ်လုပ်ငန်း လည်ပတ်မှုများအပေါ် ထိခိုက်မှု လုံးဝမရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“သုံးစွဲသူတွေရဲ့ အချက်အလက်လုံခြုံရေးကို အမြဲတမ်း ဦးစားပေးဆောင်ရွက်ခဲ့ပေမယ့် အခုလို ဖြစ်စဉ်ကြောင့် သုံးစွဲသူတွေ စိတ်အနှောင့်အယှက် တစ်စုံတစ်ရာ ဖြစ်ပေါ်ခဲ့ရရင် အနူးအညွတ် တောင်းပန်ပါတယ်” ဟု AYA Bank က ဆိုသည်။

 

ထို့ကြောင့် လက်ရှိအသုံးပြုနေသော AYA Pay၊ AYA Internet Banking နှင့် Mobile Banking စနစ်များကို ပုံမှန်အတိုင်း စိတ်ချလုံခြုံစွာ ဆက်လက်အသုံးပြုနိုင်ကြောင်း ဘဏ်ဘက်က ၎င်းတို့၏ ထုတ်ပြန် ချက်တွင် အသိပေးထားသည်။

 

လတ်တလောတွင် ဘဏ်၏ Cyber Security နည်းပညာဆိုင်ရာ လုံခြုံရေးစနစ်များကို အဆင့် မြှင့်တင်မှုများ ထပ်မံတိုးမြှင့် ဆောင်ရွက်ထားပြီး သုံးစွဲသူများ၏ ဘဏ္ဍာရေးဆိုင်ရာ အချက် အလက်များအားလုံး ဘေးကင်းလုံခြုံစွာ ရှိနေသည့်အတွက် ဘဏ်ဝန်ဆောင်မှုများကို ယုံကြည်စိတ်ချစွာ ဖြင့် ဆက်လက်အသုံးပြုနိုင်ကြောင်း ပြောကြားထားသည်။

ဓာတ်ပုံ – AYA Bank