ဧရာဝတီတိုင်းမ်
ဇွန် ၂၅ ရက်
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်အတွင်းရှိ တပ်စခန်းအချို့ကို လက်လွှတ်ခဲ့ရသည့် ရွေးတု အစိုးရ စစ်တပ်က လက်နက်ကြီးပစ်ကွင်းရှင်းရန်နှင့် ကျည်လမ်းကြောင်းမလွတ်ဟု ဆိုကာ ကျေးရွာ အချို့ကို အဓမ္မဖယ်ရှားရှင်းလင်းခိုင်းနေသဖြင့် ဒေသခံများမှာ မိုးတွင်းကာလတွင် ဒုက္ခရောက်နေကြကြောင်း သိရသည်။
ရေကြည်မြို့နယ်ရှိ ကမ္ဘားကြီးရွာ၊ ကျောက်ခဲနီရွာနှင့် စိမ့်ကွင်းရွာများမှ ဒေသခံပြည်သူများသည် ယခုကဲ့သို့ မိုးသည်းထန်စွာရွာသွန်းနေသည့် ကာလအတွင်း နေအိမ်များမှ အဓမ္မနှင်ထုတ်ခံရသဖြင့် စားဝတ်နေရေး အခက်အခဲကြီးစွာဖြင့် စစ်ဘေးရှောင်နေကြရကြောင်း မြေပြင်သတင်းရင်းမြစ်များ၏ ပြောကြားချက်အရသိရသည်။
“စစ်တပ်က (ရွာသားတွေကို) မမြင်ချင်ဘူးဆိုပြီး အတင်းနှင်ထုတ်တာ။ စားစရာမရှိတာ အသာထား၊ မသေအောင်တော့ အဝတ်တစ်ထည်ကိုယ်ခုနဲ့ ပြေးခဲ့ရပြီ” ဟု အဓမ္မနှင်ထုတ်ခံရသည့် စစ်ဘေးရှောင် ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့ပြင် နယ်မြေအတွင်း လှုပ်ရှားနေသော ရွေးတုအစိုးရစစ်တပ်၏ စစ်ကြောင်းများတွင်လည်း စားနပ် ရိက္ခာ ပြတ်လပ်မှုများနှင့် ကြုံတွေ့နေရကြောင်း မြေပြင်မှ ကြားသိရသည်။
အလားတူ မြေပြင်စစ်ရေးလှုပ်ရှားမှုအနေဖြင့် ကမ္ဘားကြီးရွာမှ တောဘက်သို့ ဆက်သွားလျှင်ရှိသည့် သရက်ပင်လမ်းခွနေရာတွင် ရွေးတုအစိုးရစစ်တပ်က လက်နက်ကြီးအထိုင်ချပြီး လုံခြုံရေးအင်အား အများအပြား ချထားကြောင်း သိရသည်။
အဆိုပါစစ်ကြောင်းနှင့်အတူ အမြောက်ဆက်စပ်ပစ္စည်းများ ပါရှိလာပြီး လူ သုံး ဦးမှ လေး ဦးခန့် ထမ်းပိုးရသည့် လက် နက်ကြီးပြောင်းများကို သယ်ယူလာပြီး ၎င်းလက်နက်ကြီးအစိတ်အပိုင်းများကို ဘုရားကြီးကျေးရွာသို့ သင်္ဘောဖြင့် ဆက်လက်သယ်ယူသွားခဲ့ကြောင်း မြင်တွေ့သူများက ဆိုသည်။
ထို့ပြင် တိုက်ပွဲဖြစ်ပွားမှုများကြောင့် ရွေးတုအစိုးရစစ်တပ်ဘက်မှ ထိခိုက်ဒဏ်ရာရရှိသူများကို ပြီးခဲ့သည့် ဇွန် ၂၂ ရက် ညနေ ၃ နာရီခန့်တွင် ဝါးတောကွင်းမှတစ်ဆင့် စက်လှေ နှစ်စီးဖြင့် ဘုရားကြီးဓမ္မာရုံသို့ လာရောက်ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ထို့အပြင် စစ်သားများက လှည်းတစ်စီးဖြင့် သေဆုံးသူ (သို့မဟုတ်) ဒဏ်ရာရသူတစ်ဦးကို ထပ်မံသယ်ဆောင်လာသည်ကို ဒေသခံများက မြင်တွေ့ခဲ့ရ သော်လည်း အဆိုပါလှည်းမှာ ဘုရားကြီးစခန်းသို့ ရောက်ရှိလာခြင်း မရှိသေးကြောင်း စုံစမ်းသိရှိရသည်။