ဧရာဝတီတိုင်းမ်
ဇွန် ၂၅ ရက်
ဗင်နီဇွဲလားနိုင်ငံမှာ ဗုဒ္ဓဟူးနေ့ ညနေ ၆ နာရီနောက်ပိုင်း ပြင်းထန်တဲ့ ငလျင်နှစ်ခု ဆက်တိုက်လှုပ် ခတ်ခဲ့ရာ အနည်းဆုံး လူ ၃၂ ဦး သေဆုံးပြီး ၇၀၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ယာယီသမ္မတ ဒယ်လ်စီ ရိုဒရီဂွက်ဇ်က ပြောကြားလိုက်ပါတယ်။
ပြိုကျနေတဲ့ အဆောက်အအုံတွေထဲမှာ ကယ်ဆယ်ရေးသမားတွေ ရှာဖွေနေဆဲဖြစ်သလို ထိခိုက်မှု ပြင်းထန်တဲ့ ဒေသတွေကို အရေးပေါ်အဖွဲ့တွေ ရောက်ရှိသွားတာနဲ့အမျှ သေဆုံးဒဏ်ရာရသူ အရေအ တွက် ဒီထက်မက ပိုတိုးလာနိုင်တယ်လို့လည်း သတိပေးထားပါတယ်။
ရိုဒရီဂွက်ဇ်ဟာ ဗုဒ္ဓဟူးနေ့နှောင်းပိုင်းမှာပဲ အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး ပြည်နယ်အတော် များများ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

ကြာသပတေးနေ့ မနက်ပိုင်းက ထုတ်ပြန်တဲ့ ဒီစာရင်းတွေထဲမှာတော့ အဆိုးရွားဆုံး ထိခိုက်ခဲ့ပြီး ဘေးအန္တရာယ်ဇုန်အဖြစ် သတ်မှတ်ထားတဲ့ လာဂွိုင်ရာဒေသက စာရင်းတွေ မပါဝင်သေးပါဘူး။
မြို့တော် ကာရာကတ်စ်ရဲ့ မြောက်ဘက် ကီလိုမီတာ ၃၀ အကွာမှာရှိတဲ့ အဲဒီ လာဂွိုင်ရာဒေသမှာ အဆောက်အအုံပေါင်း ဒါဇင်နဲ့ချီ ပြိုကျခဲ့လို့ အသက်ကယ်ဆယ်ရေးလုပ်ငန်းတွေကို အပြင်းအထန် လုပ် ဆောင်နေရတယ်လို့ ရိုဒရီဂွက်ဇ်က ပြောပါတယ်။
နိုင်ငံရဲ့ အဓိကလေဆိပ်ကြီးဖြစ်တဲ့ ဆိုင်မွန်ဘိုလီဗာ နိုင်ငံတကာလေဆိပ်လည်း ပျက်စီးသွားလို့ ပိတ်ထားရသလို မြို့တော်က မြေအောက်ရထားနဲ့ သဘာဝဓာတ်ငွေ့လိုင်းတွေကိုလည်း ရပ်ဆိုင်းထားရပါ တယ်။
ပြည်သူတွေအနေနဲ့ ပျက်စီးဆုံးရှုံးမှုတွေကို အစိုးရ App ကနေတစ်ဆင့် သတင်းပို့ကြဖို့ ကျောင်း တွေကို ရက်အနည်းငယ် ပိတ်ထားမှာဖြစ်ပြီး တချို့ကျောင်းတွေကို ဒုက္ခသည်စခန်းနဲ့ အလှူပစ္စည်းလက်ခံ ရာနေရာတွေအဖြစ် သုံးသွားမယ်လို့ ဆိုပါတယ်။
ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်းတွေက လူနာတွေကို ကူညီဖို့ ဆေးရုံတွေကို လာရောက်ကြဖို့ တိုက်တွန်းထားပြီး ပြည်သူတွေအနေနဲ့ တည်တည်ငြိမ်ငြိမ်နဲ့ စည်းလုံးညီညွတ်စွာ ဖြတ်သန်းကြဖို့ ပြော ကြားခဲ့ပါတယ်။
အမေရိကန် ဘူမိဗေဒတိုင်းတာရေးဌာန (USGS) ရဲ့ ထုတ်ပြန်ချက်အရ ပထမငလျင်ဟာ ပြင်းအား ရစ်ခ်ျတာစကေး ၇ ဒသမ ၂ ရှိပြီး ဗင်နီဇွဲလား ကာရစ်ဘီယံကမ်းခြေက မိုရွန်မြို့ရဲ့ အနောက်ဘက် အနက် ၂၂ ကီလိုမီတာကို ဗဟိုပြုလှုပ်ခတ်သွားတာပါ။
တစ်မိနစ်အကြာမှာပဲ ပြင်းအား ၇ ဒသမ ၅ ရှိတဲ့ ပိုမိုပြင်းထန်တဲ့ ဒုတိယငလျင်တစ်ခု အနက် ၁၀ ကီလိုမီတာမှာ ထပ်မံလှုပ်ခတ်ခဲ့ပြီး ဗဟိုချက်ကတော့ မိုရွန်မြို့ရဲ့ အနောက်တောင်ဘက် ၁၆ ကီလိုမီတာ အကွာမှာ ဖြစ်ပါတယ်။
ကိုးကား – India Today
Ref; Venezuela earthquakes kill 32, injure 700 as La Guaira becomes disaster zone