ဧရာဝတီတိုင်းမ်
ဇွန် ၂၅ ရက်

ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့ နယ်အတွင်းရှိ ညောင်ကျိုး ရိုးအောက်တွင် ရွေးတု အစိုးရစစ်တပ်နှင့် အာရက္ခတပ်တော် (AA) တို့ ထိတွေ့တိုက်ပွဲများ ထပ်မံပြင်းထန်စွာ ဖြစ်ပွားနေကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

အာရက္ခတပ်တော် (AA) သည် ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်နေ့တွင် ရွေးတုအစိုးရစစ်တပ်၏ ပွိုင့် ၅၀၆ အနီးရှိ ကာကင်းစခန်း သုံး ခုအထိကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကြောင်းထိုးတက်လာသည့် စစ်တပ် စစ်ကြောင်းများ နောက်ပြန်ဆုတ်သွားခဲ့ရသည်။

ထိုသို့ စခန်းများ လက်လွှတ်ရပြီးနောက် ရွေးတုအစိုးရစစ်တပ်ဘက်က လေကြောင်းပစ်ကူများ၊ ဂျက်ဖိုက်တာ၊ Y-12 လေယာဉ်များနှင့် ဒရုန်းများအပြင် လက်နက်ကြီးများကိုပါ အသုံးပြု၍ အပြင်းအထန် တုံ့ပြန်ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း သိရသည်။

လက်ရှိတွင် ပန်းတောင်းမြို့နယ်အတွင်းရှိ စစ်တပ်၏ ပွိုင့် ၅၀၆ စခန်းကုန်းကို AA က ထိုးစစ်ဆင် တိုက်ခိုက်လာနေသည့်အပြင် ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ-၅ အခြေစိုက်ရာ ကမြိုင်ဘက်ခြမ်း တွင်လည်း ပစ်ခတ်မှုများ စတင်ဖြစ်ပွားလာနေပြီ ဖြစ်ကြောင်း မြေပြင်သတင်းများအရ သိရသည်။

“စစ်တပ်ဘက်က မသုန် (သို့မဟုတ်) ညောင်ခြေထောက်ဘက်ကို စစ်ရေးအရ ပစ်ကူပေးနေရတာ ဖြစ်နိုင်သလို၊ တစ်ဖက်မှာလည်း AA ရဲ့ စစ်ကြောင်းအချို့ဟာ မသုန်ဒေသကို ကျော်လွန်ပြီး ကမြိုင်ဒေသ အထိ စိမ့်ဝင်ထိုးဖောက် ဝင်ရောက်လာနေတာမျိုးလည်း ဖြစ်နိုင်တဲ့အတွက် ရှေ့တန်းစစ်ရေး အခြေအနေကို ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်” ဟု မြေပြင်စစ်ရေးအခြေအနေကိုလေ့လာသူ CDM ဗိုလ်ကြီးဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပန်းတောင်းမြို့နယ်အတွင်းရှိ ကပစ စက်ရုံများအနီးအထိ စစ်မီးနီးကပ်လာနေသည့် အခြေအနေကြောင့် ဒေသတွင်းစစ်ရေးအခြေအနေမှာ ပိုမိုတင်းမာလာနိုင်ကြောင်း ၎င်းက ဖြည့်စွက် ပြောကြားသည်။

လက်ရှိစစ်ရေးတင်းမာနေသည့် ကပစ-၅ ယမ်းချက်စက်ရုံသည် စစ်တပ်၏ သက်တမ်းအရင့်ဆုံး ယမ်းချက် စက်ရုံဖြစ်ပြီး မသုန်အခြေစိုက် ကပစ-၁၆ ၏ အနောက်ဘက် ၅ မိုင်ခန့် အကွာတွင် တည်ရှိသည်။

အဆိုပါ ယမ်းချက်စက်ရုံများသည် ထုတ်လုပ်မှုသဘာဝအရ ရေအရင်းအမြစ်ကို အဓိကမှီတည်ရသဖြင့် တောင်မောက်ဆည်ကို အခြေပြု၍ တည်ဆောက်ထားခြင်း ဖြစ်သည်။

ထို့ကြောင့် ကပစ-၅ ၏ အဓိကကွင်းစခန်းဖြစ်သည့် စက်ရုံ၏ အနောက်မြောက်ဘက် ၁ မိုင် ၄ ဖာလုံခန့် အကွာရှိ ပွိုင့် ၂၂၉ ခြေကုပ် စခန်းမှနေ၍ ပြီးခဲ့သည့် ဇွန်လ ၂၃ ရက်နေ့မှ စတင်ကာ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ကူပေးနေရကြောင်း မြေပြင်သတင်းများအရ သိရသည်။

ပုံစာ-AA တပ်ဖွဲ့ဝင်များ (ပုံဟောင်း)