ဧရာဝတီတိုင်းမ်
ဇွန် ၂၅ ရက်
တရုတ်နိုင်ငံရဲ့ အဆင့်မြင့်ဆုံး လေယာဉ်တင်သင်္ဘောကြီးဖြစ်တဲ့ “ဖူကျန့်” ဟာ ဇွန်လ ၂၃ ရက်နေ့ က ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းမောင်းနှင်ခဲ့တယ်လို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ် ပြန်လိုက်ပါတယ်။
ဒါဟာ ပြီးခဲ့တဲ့ ဧပြီလနောက်ပိုင်း ဒီလိုအကဲဆတ်တဲ့ ရေပြင်ကို ပထမဆုံးအကြိမ် ဖြတ်သန်း မောင်းနှင်တာ ဖြစ်ပါတယ်။
ထိုင်ဝမ်ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖူကျန့်လေယာဉ်တင်သင်္ဘောဟာ ထိုင်ဝမ်ရေလက် ကြားကို ဖြတ်သန်းသွားခဲ့တယ်လို့ ဖော်ပြထားပေမဲ့ ထောက်လှမ်းရေးနဲ့ စောင့်ကြည့်ရေးနည်းလမ်းမျိုးစုံ သုံးပြီး အနီးကပ်စောင့်ကြည့်ခဲ့တယ်လို့ ဆိုပါတယ်။
ထိုင်ဝမ်ရဲ့ တရုတ်နိုင်ငံဆိုင်ရာ မူဝါဒချမှတ်သူက ဘေဂျင်းရဲ့ ထိုင်ဝမ်ကို သိမ်းပိုက်မယ့် နောက်ဆုံး ပန်းတိုင်ကို သူတို့အစိုးရအနေနဲ့ လုံးဝလက်မခံဘူးလို့ ဇွန်လ ၂၃ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြော ကြားခဲ့ပါတယ်။
ထိုင်ဝမ် ပြည်မကြီးရေးရာကောင်စီ ဝန်ကြီး ချူချွီချန်က “ထိုင်ဝမ်အနေနဲ့ အရင်ကနဲ့မတူဘဲ ပိုမို ပြင်းထန်တဲ့ ဖိအားတွေ ကြုံတွေ့နေရပေမဲ့ ကျွန်တော်တို့ရဲ့ အချုပ်အခြာအာဏာနဲ့ ဒီမိုကရေစီစနစ်ကို ကာကွယ်စောင့်ရှောက်မယ့် စိတ်ပိုင်းဖြတ်ချက်ကတော့
ဘယ်တုန်းကထက်မဆို ပိုခိုင်မာနေပါတယ်” လို့ ဆိုပါတယ်။
“ဒီအချက်အပေါ်မှာတော့ လုံးဝ အလျှော့အတင်းလုပ်စရာ အကြောင်းမရှိပါဘူး။ တရုတ်နိုင်ငံရဲ့ စစ်ရေးအရ ခြိမ်းခြောက်မှုတွေနဲ့ ပိုမိုပြင်းထန်လာတဲ့ ဖိအားတွေကို ကျွန်တော်တို့ ဘယ်တော့မှ အရှုံးပေး ဒူးထောက်မှာ မဟုတ်သလို၊ ထိုင်ဝမ်အနေနဲ့လည်း ဘယ်တော့မှ လက်နက်ချမှာ မဟုတ်ပါဘူး။” လို့ ၎င်း က ဆက်ပြောပါတယ်။
ဖူကျန့်လေယာဉ်တင်သင်္ဘောဟာ လေယာဉ်ပြေးလမ်း အပြားပုံစံရှိပြီး လေယာဉ်တွေကို ပစ်လွှတ် နိုင်တဲ့ လျှပ်စစ်သံလိုက်စနစ် ပါဝင်တာကြောင့် ရုရှားဒီဇိုင်းနဲ့လုပ်ထားတဲ့ တရုတ်ရဲ့ ပထမဆုံး လေယာဉ် တင်သင်္ဘောနှစ်စင်းထက် ပိုမိုစွမ်းအားကြီးတဲ့ ရေတပ်လက်နက်တစ်ခု ဖြစ်လာနိုင်ပါတယ်။
အရွယ်အစား ပိုသေးငယ်ပြီး လေယာဉ်ပျံတက်ဖို့အတွက် ကုန်းတံတားစောင်းကိုပဲ အသုံးပြုရတဲ့ လျောင်နင်းနဲ့ ရှန်တုန်း လေယာဉ်တင်သင်္ဘောတွေထက်စာရင် ဖူကျန့်သင်္ဘောက လက်နက်အပြည့်အစုံ တပ်ဆင်ထားတဲ့ တိုက်လေယာဉ်တွေကို အရေအတွက်အများကြီး ပိုပြီးတင်ဆောင်နိုင်ပါတယ်။
တရုတ်နိုင်ငံက ကုန်စည်ကူးသန်းမှုအတွက် အဓိကကျတဲ့ ဒီထိုင်ဝမ်ရေလက်ကြားကို သူတို့တစ် နိုင်ငံတည်းကပဲ ပိုင်ဆိုင်တယ်လို့ ပြောဆိုထားပြီး ထိုင်ဝမ်နဲ့ အမေရိကန်ကတော့ ဒါဟာ နိုင်ငံတကာပိုင် ရေပြင်ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။
ကိုးကား – Reuters
Ref; China’s most advanced aircraft carrier sails through Taiwan Strait, Taipei says