ဧရာဝတီတိုင်းမ်
ဇွန် ၂၄ ရက်
ရန်ကုန်မြို့တွင် အမေရိကန်သံတမန်တစ်ဦး အသတ်ခံရမှုဖြစ်စဉ်နှင့် ဆက်နွယ်ပြီး လူဝင်မှုကြီးကြပ်ရေးဥပဒေ ချိုးဖောက်မှုဖြင့် တရားစွဲဆိုခံထားရသည့် ထိုင်းအမျိုးသမီးတစ်ဦးကို ယမန်နေ့ ဇွန်လ ၂၃ ရက်နေ့က ကမာရွတ်မြို့နယ်တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ကြောင်း abcnews သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
ပြီးခဲ့သည့် မေလအတွင်းက ရန်ကုန်မြို့တွင် ခင်ပွန်းဟောင်းဖြစ်သူ အမေရိမန်သံတမန်ဟောင်းကို သတ်ဖြတ်ခဲ့သည်ဟူသော စွဲချက်များဖြင့် အသက် ၃၀ ဝန်းကျင်အရွယ်ရှိ ထိုင်းအမျိုးသမီး ပါဝိနီ ဆုဖဆီရိဝိဆန် (Pavinee Supasirivisan) ကို မြန်မာနိုင်ငံတွင် ဖမ်းဆီးတရားစွဲဆိုထားခြင်း ဖြစ်သည်။
လက်ရှိတွင် ရွေးတုအစိုးရတရားရုံးအနေဖြင့် လူသတ်မှုစွဲချက်ထက် မြန်မာနိုင်ငံအတွင်း ပြစ်မှုကျူးလွန်သည့် နိုင်ငံခြားသားများအပေါ် အကျုံးဝင်သည့် လူဝင်မှုကြီးကြပ်ရေးဥပဒေ ချိုးဖောက်မှုစွဲချက်ကို ဦးစွာပထမ စစ်ဆေးစီရင်နေခြင်း ဖြစ်သည်။
ကမာရွတ်မြို့နယ်တရားရုံး၌ ပြုလုပ်သည့် ဒုတိယအကြိမ်မြောက် အဆိုပါရုံးချိန်းတွင် လဝကအရာရှိများ အပါအဝင် တရားလိုပြသက်သေ သုံး ဦးကို စစ်ဆေးခဲ့ကြောင်း အမှုဖြစ်စဉ်ကို သိရှိသည့် အမည်မဖော်လိုသူ ရှေ့နေတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
တရားခွင်တွင် စွပ်စွဲခံရသူ အမျိုးသမီးဘက်မှ လိုက်ပါဆောင်ရွက်ပေးမည့် ဥပဒေကိုယ်စားလှယ် နှစ် ဦး ရှိနေသော်လည်း အသေးစိတ်အချက်အလက်များနှင့် စွပ်စွဲချက်အပေါ် ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံခြင်း ရှိ၊ မရှိကိုမူ သိရှိရခြင်းမရှိသေးဟု အဆိုပါရှေ့နေက ဆိုသည်။
ကမာရွတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ အရာရှိတစ်ဦးက တရားခွင်တွင် သက်သေများကို စစ်ဆေးခဲ့ကြောင်း အေပီ (AP) သတင်းဌာနသို့ အတည်ပြုပြောကြားခဲ့သော်လည်း သတင်းမီဒီယာများကို ဖြေကြားခွင့်မရှိသဖြင့် အသေးစိတ်ကိုမူ ဖြေကြားခြင်းမရှိပေ။
လက်ရှိစွဲဆိုထားသည့် လူဝင်မှုကြီးကြပ်ရေးအမှုသည် ထောင်ဒဏ် ၆ လမှ ၅ နှစ်အထိ ပြစ်ဒဏ်ကျခံရနိုင်ပြီး ယင်းအမှုစစ်ဆေးမှု မည်မျှကြာမြင့်မည်ကို ချက်ချင်းမသိရသေးသလို ထောင်ဒဏ် ၁၀ နှစ်မှ သေဒဏ်အထိ ကျခံရနိုင်သည့် လူသတ်မှုစွဲချက်အတွက် မည်သည့်အချိန်တွင် ဆက်လက်တရားရင်ဆိုင်ရမည်ကိုလည်း ရှင်းလင်းစွာ သိရှိရခြင်း မရှိသေးပေ။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၌ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အစိုးရထံမှ စစ်တပ်က အာဏာသိမ်းယူခဲ့ပြီးနောက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူထုအုံကြွမှုကြီး ပေါ်ပေါက်ခဲ့ပြီး ယခုအခါ ပြည်တွင်းစစ်အသွင်သို့ ကူးပြောင်း၍ သွေးထွက်သံယိုမှုများ ဆက်တိုက်ဖြစ်ပွားလျက်ရှိသည်။
ဓာတ်ပုံ – US Embassy ရန်ကုန်