ဧရာဝတီတိုင်းမ်
ဇွန် ၂၄ ရက်
ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့တွင် စိုးရိမ်ရေမှတ်အောက် ၂ ပေခွဲကျော်သို့ ရောက်ရှိနေပြီး လာမည့် ၃၆ နာ၇ရီအတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မိုး/ဇလ) က ယနေ့ ဇွန် ၂၄ ရက်တွင် ထုတ်ပြန်သည်။
ချင်းတွင်းမြစ်ရေမြင့်တက်လာမှုကြောင့် မြစ်ကမ်းအနီးနှင့် မြေနိမ့်နေထိုင်သူများသတိထားရန်လိုအပ်ပြီး ကချင်ပြည်နယ်၊ မိုးကောင်းမြို့ရှိ နန့်ယင်းမြစ်နှင့် နန့်ကောင်းမြစ်ရေများသည် ပြန်လည် ကျဆင်းလာသော်လည်း စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက် တည်ရှိနေဦးမည်ဖြစ်ကြောင်း မိုး/ဇလ က ဆိုသည်။

ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့၏ စိုးရိမ်ရေမှတ် ၂၉၀၀ စင်တီမီတာ (၉၅ ပေခန့်) ရှိသည့်အနက် လက်ရှိတွင် ၂၈၂၁ စင်တီမီတာသို့ ရောက်ရှိနေပြီး လာမည့် ၂၄ နာရီအတွင်း ၂၈၆၆ စင်တီမီတာအထိ (နောက်ထပ် ၃ ပေကျော်ခန့်) ထပ်မံမြင့်တက်လာနိုင်ကြောင်း သိရသည်။
ထို့အတူ မိုးကောင်းမြို့၏ စိုးရိမ်ရေမှတ် ၆၀၀ စင်တီမီတာ (၁၉ ပေခွဲကျော်) ရှိသည့် နန့်ယင်းမြစ်ရေသည် လက်ရှိ ၆၁၂ စင်တီမီတာမှ ၆၀၅ စင်တီမီတာသို့ ရောက်ရှိမည်ဖြစ်၍ လာမည့် ၁ ရက်အတွင်း ၃ လက်မခန့် ကျဆင်းလာနိုင်သော်လည်း စိုးရိမ်ရေမှတ်အထက်တွင်သာ ဆက်လက်တည်ရှိနေမည်ဖြစ်သည်။
နန့်ကောင်းမြစ်သည်လည်း မိုးကောင်းမြို့၏ စိုးရိမ်ရေမှတ် ၆၀၀ စင်တီမီတာဖြစ်ပြီး လက်ရှိ ၆၂၅ စင်တီမီတာမှ ၆၁၈ စင်တီမီတာသို့ ကျဆင်းမည်ဖြစ်၍ လာမည့် ၁ ရက်အတွင်း ၃ လက်မခန့် ကျဆင်းလာနိုင်သော်လည်း စိုးရိမ်ရေမှတ်အထက်တွင်သာ ရှိနေဦးမည်ဟု မိုး/ဇလ၏ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။
လက်ရှိတွင် မြန်မာနိုင်ငံအထက်ပိုင်း၌ မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် မိုးကောင်း၊ အင်းတော်ကြီးနှင့် ဖားကန့်မြို့တို့တွင် ရေကြီးရေလျှံမှုများ ပြင်းထန်စွာ ဖြစ်ပွားနေပြီး ဒေသခံများ အတွက် အရေးပေါ် ကူညီကယ်ဆယ်ရေးများ လိုအပ်နေကြောင်း သိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်