ဧရာဝတီတိုင်းမ်
‎ဇွန် ၂၄ ရက်

 

ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် တပ်စွဲထားသော ရွေးတုအစိုးရစစ်တပ်မှ တပ်သားတစ်ဦးက ဇွန်လ ၂၃ ရက် ညပိုင်းက ရွှေရင်မျှော်ကျေးရွာရှိ ဒေသခံအမျိုးသမီးငယ်တစ်ဦး၏ နေအိမ်အတွင်းသို့ဝင်ရောက်ကာ အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများနှင့် တပ်တွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

 

သာပေါင်းမြို့နယ်၊ သရက်ကုန်းကျေးရွာအုပ်စု၊ ရွှေရင်မျှော်ရွာတွင် တပ်စွဲထားသော ရွေးတုအစိုးရစစ်တပ်မှ စစ်သားတစ်ဦးသည် ဇွန်လ ၂၃ ရက် ညအချိန်မတော်တွင် ရွာရှိ အသက် ၂၅ နှစ်ဝန်းကျင်အရွယ် အမျိုးသမီးငယ်တစ်ဦး၏ နေအိမ်သို့ တက်လာပြီး အိပ်ပျော်နေသည့် အမျိုးသမီးကို ကိုယ်ထိလက်ရောက် အဓမ္မပြုကျင့်ခဲ့ခြင်း ဖြစ်သည်။
‎‎

ထိုသို့ ပြုကျင့်စဉ် ကာယကံရှင်အမျိုးသမီးက ပတ်ဝန်းကျင်သို့ အော်ဟစ်အကူအညီတောင်းခံခဲ့သဖြင့် အနီးအနားရှိ ရွာသူ ရွာသားများ ရောက်ရှိလာကာ ၎င်းစစ်သားကို ဝိုင်းဝန်းဖမ်းဆီး၍ တပ်အရာရှိထံ အပ်နှံတိုင်ကြားခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ပြစ်မှုကျူးလွန်သူ စစ်သားကို ဘုရားကြီးဓမ္မာရုံရှိတပ်စခန်းသို့ ပြန်လည်ပို့ဆောင်ထားသော်လည်း တပ်အရာရှိဖြစ်သူက ဥပဒေအရ အရေးယူမှုတစ်စုံတစ်ရာ ပြုလုပ်ခြင်းမရှိဘဲ ဖုံးဖိပေးရန် ကြိုးပမ်းနေသဖြင့် ဒေသခံများက ရွေးတုအစိုးရစစ်တပ်အပေါ် ကျေနပ်မှု မရှိကြောင်း သိရသည်။

 

“ဒီလိုလုပ်တဲ့အပေါ် ဒေသခံတွေက ကျေနပ်ခြင်းမရှိပါဘူး။ ကျူးလွန်သူကို ရဲအရေးပိုင်တဲ့အမှုမို့ ရဲကိုလွှဲရမှာ။ အခုတော့ အရာရှိကိုယ်တိုင်က ကာကွယ်ပေးနေတော့ ခက်တာပေါ့ ” ဟု ကျေနပ်မှုမရှိသည့် စစ်သားတစ်ဦးက ဧရာဝတီတိုင်းမ် ဖွင့်ဟ ပြောဆိုသည်။

စော်ကားခံရသည့် အမျိုးသမီးငယ်မှာလည်း အရှက်သိက္ခာကြောင့်လည်းကောင်း၊ စစ်တပ်က လက်နက်ဖြင့် ခြိမ်းခြောက်မှုနှင့် ဥပဒေကြောင်းအရ နားမလည်မှုကြောင့်လည်းကောင်း ရှေ့ဆက်၍ မည်သို့ လုပ်ဆောင်ရမည်ကို သိရှိခြင်းမရှိဘဲ အားကိုးရာမဲ့ဖြစ်နေကြောင်း သိရသည်။

ရွှေရင်မျှော်ရွာနှင့် ဘုရားကြီးရွာတို့တွင် တပ်စွဲထားသော ရွေးတုအစိုးရစစ်တပ်မှ စစ်သားအချို့သည် ဒေသခံအမျိုးသမီးငယ်များအား ကာယိန္ဒြေပျက်ပြားစေမည့် အသုံးအနှုန်း၊ ပြောဆိုမှုများဖြင့် အမြဲမပြတ် နှောင့်ယှက်စော်ကားနေသဖြင့် ရွာသူ ရွာသားများမှာ လုံခြုံမှုမရှိဘဲ အလွန်စိုးရိမ်ထိတ်လန့်နေကြရသည်။

 

ဘုရားကြီးရွာတွင်လည်း ရွေးတုအစိုးရစစ်တပ်က ကျေးရွာရှိ အမျိုးသမီးများကို စခန်းအတွင်းသို့ ခေါ်ယူခိုင်းစေခြင်း၊ ရွာသားများအား ၎င်းတို့အတွက် ထမင်းဟင်းများ ချက်ပြုတ်ခိုင်းခြင်းနှင့် အခြားအထွေထွေ အဓမ္မလုပ်အားပေး ခိုင်းစေခြင်းများ ပြုလုပ်လျက်ရှိသည်။

 

ထို့ပြင် ဘုရားကြီးဓမ္မာရုံအတွင်းရှိ သော့ခတ်သိမ်းဆည်းထားသော အခန်းများကို အဓမ္မဖောက်ထွင်းကာ ဘုန်းကြီးကျောင်းပိုင် ပစ္စည်းများနှင့် အသုံးအဆောင်များကို ယူဆောင်သုံးစွဲခြင်း၊ ဖျက်ဆီးခြင်းနှင့် ခိုးယူခြင်းများပါ ပြုလုပ်နေကြောင်း ဒေသ ခံများထံမှ သိရသည်။

 

“ဒေသခံရွာသားတွေကလည်း ကြောက်လို့သာ ငြိမ်နေရတာဗျာ။ နည်းနည်းမှ တရားနည်းလမ်းမကျဘူး။ တဖြည်းဖြည်းနဲ့ ဗိုလ်ကျလာတယ်။ ရွာသားတွေကို သူတို့အပိုင် အစေခံလို သဘောထားနေတာ။ အခုတော့ ဓမ္မာရုံထဲက ရွာဘုန်းကြီး ကျောင်းပိုင် ပစ္စည်းတွေပါ ပျောက်ဆုံးကုန်ပြီ” ဟု ဒေသခံက ဧရာ၀တီတိုင်းမ် ကိုပြောသည်။

 

ဧရာ၀တီတိုင်းအတွင်းရှိ ရွေးတုအစိုးရစစ်တပ် တပ်စွဲထားသည့် ဒေသများမှ ကျေးရွာသားများသည် စစ်သားများ၏ လက်နက်အားကိုး ဗိုလ်ကျစော်ကားမှုများကြောင့် လုံခြုံမှုမရှိဘဲ ဆက်လက်ဖိနှိပ်ခံရမည့်အရေး ကြုံတွေ့နေ၍ ကူညီဆောင်ရွက်ပေးရန် ဒေသခံများက ဆိုထားသည်။