ဧရာဝတီတိုင်းမ်
ဇွန် ၂၄ရက်
ရခိုင်ပြည်နယ်အတွင်း စစ်ရေးရှုံးနိမ့်မှုများနှင့် ရင်ဆိုင်နေရသော ရွေးတုအစိုးရစစ်တပ်သည် အရပ်သား ပြည်သူများကို ပစ်မှတ်ထားသည့် လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုများကို ဆက်တိုက် လုပ်ဆောင် လျက်ရှိရာ ဂွမြို့နယ်နှင့် မောင်တောမြို့နယ်တို့တွင် ဒေသခံ ပြည်သူများ ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်အမြောက်အမြား ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကံ့ကော်တောင်ကျေးရွာကို ယမန်နေ့ ဇွန် ၂၃ ရက် ည ၁၀ နာရီ ၁၈မိနစ် ဝန်းကျင်မှစတင်၍ ရွေးတုအစိုးရစစ်တပ်က ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက် ခဲ့သည်။ ဗုံးသီးများသည် ခရစ်ယာန်ကျောင်းအနီးနှင့် စာသင်ကျောင်းတို့တွင် ကျရောက်ပေါက်ကွဲ ခဲ့သဖြင့် အသက် ၅၅ နှစ်အရွယ် ဒေါ်လှကေသီ၊ အသက် ၁၉ နှစ်အရွယ် မနှောင်းသဇင်ထွေး၊ အသက် ၅၂ နှစ်အရွယ် ဦးချစ်ဆွေနှင့် အသက် ၆၀ အရွယ် ဦးကျော်ဝင်းတို့ ဒေသခံ လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း သတင်းဖော်ပြချက်အရ သိရသည်။
၎င်းတို့အနက် ဒေါ်လှကေသီ၊ ဦးချစ်ဆွေနှင့် ဦးကျော်ဝင်းတို့မှာ ဒဏ်ရာပြင်းထန်ကြောင်း သိရပြီး၊ တိုက်ခိုက်မှုကြောင့် နေအိမ်နှစ်လုံးနှင့် လူနာတင်ကားတစ်စီး ပျက်စီးခဲ့ရသည်။ ရွေးတုအစိုးရ စစ်တပ်သည် ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နေ့ကလည်း ဂွမြို့နယ်၊ ကျိန္တလီမြို့၊ ရမ္မာကျွန်းရွာကို ပေါင် ၅၀၀ ဗုံးနှစ်လုံး ကြဲချခဲ့သဖြင့် ဒေသခံ နှစ်ဦး သေဆုံးကာ ရှစ်ဦး ဒဏ်ရာရရှိခဲ့သည်။
”ဂွကိုတော့ ဆက်တိုက်ဆိုသလို ဗုံးကြဲတယ်။ နေဗီ ကပစ်တယ်။ ဒီရခိုင်တောင်ပိုင်းတစ်ခုလုံးကို ပိတ်ဆို့ပြီး တပ်တွေဖြန့်ဖို့ဟာ အဆင်မပြေနိုင်တော့ လေကြောင်းနဲ့ဗုံးချပြီး လက်နက်ကြီးနဲ့ တိုက်ခိုက် နေတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ရွေးတုအစိုးရစစ်တပ်သည် ယနေ့ ဇွန် ၂၄ ရက် နံနက် ၁၁ နာရီ ၄၀ မိနစ်ဝန်းကျင်တွင်လည်း မောင်တော မြို့ပေါ်သို့ လေကြောင်းမှနေ၍ ပေါင် ၅၀၀ ဗုံး နှစ် လုံး လာရောက်ကြဲချခဲ့ရာ ရှင်မြဝါကျွန်း အနောက်ဘက်ကွင်းရှိ ယခင် နယ်စပ်လူငယ်ဖွံ့ဖြိုးရေးကျောင်း (နတလ) ကျောင်းဟောင်းကို ဗုံး တစ်လုံး နှင့် ရပ်ကွက် (၅) အမှိုက်ပုံအနီးသို့ ဗုံး တစ် လုံး ကျရောက်ပေါက်ကွဲခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် ပြည်သူ နှစ် ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရှင်မြဝါကျွန်း အနောက်ဘက်ကွင်းရှိ ဟိန္ဒူဘာသာဝင်များ နေထိုင်ရာ နေအိမ် ၁၀ လုံးကျော် ပျက်စီးဆုံးရှုံးခဲ့ရသည်။
ရွေးတုအစိုးရစစ်တပ်အနေဖြင့် စစ်မြေပြင်တွင် စစ်ရေးအရ အရေးနိမ့်မှုများကို ကုစားရန်နှင့် နယ်မြေ စိုးမိုးမှု ပြန်လည်ရရှိရန်အတွက် စစ်ရေးနှင့်သက်ဆိုင်ခြင်းမရှိသည့် အရပ်သားပြည်သူများ၊ စာသင် ကျောင်းများ၊ ဘာသာရေးအဆောက်အအုံများနှင့် လူနာတင်ယာဉ်များကိုပါ တမင်တကာ ပစ်မှတ်ထား၍ ဗုံးကြဲတိုက်ခိုက်နေခြင်း ဖြစ်သည်။
ထို့ကြောင့် အာရက္ခတပ်တော် (AA) က ပြည်သူများအနေဖြင့် ရွေးတုအစိုးရစစ်တပ်၏ လေကြောင်းရန် အန္တရာယ်ကို အထူးသတိပြု နေထိုင်ကြရန် သတိပေးချက်များ ထုတ်ပြန်ထားရသည်။
ဓာတ်ပုံ- APM
ပုံစာ- ဂွမြို့ ကံ့ကော်တောင်ရွာ ဗုံးကြဲခံရပြီးနောက်အပျက်အစီးများ