‎‎ဧရာဝတီတိုင်းမ်
‎ဇွန် ၂၄ ရက်

‎​ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ အမှတ် (၁၁) တပ်မဟာ၊ အမှတ် (၁၂) တပ်ရင်းက ၎င်းတို့လှုပ်ရှားရာ ရွှေကူခရိုင်နယ်မြေအတွင်းရှိ မိဘပြည်သူများနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ရွေးတုအစိုးရစစ်တပ်နှင့် လုံးဝ (လုံးဝ) ပတ်သက်ဆက်နွယ်ခြင်းမပြုရန် ဇွန်လ ၂၃ ရက်စွဲဖြင့် သတိပေးချက်တစ်ရပ် ထုတ်ပြန်ထားသည်။

‎‎ရွှေကူနယ်မြေအတွင်း နေထိုင်ကြသော မိဘပြည်သူများနှင့် ရွှေတူးဖော်ရေးလုပ်ငန်း၊ သတ္တုတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်နေကြသူများအားလုံး ရွေးတုအစိုးရစစ်တပ်နှင့် ပတ်သက်ဆက်နွယ်ခြင်း မပြုလုပ်ကြရန် ဆန္ဒပြုထားသည်။

‎‎ယခင်က ရွေးတုအစိုးရစစ်တပ်နှင့် ပတ်သက်ဆက်နွယ်မှု ရှိခဲ့ဖူးသူများအနေဖြင့်လည်း ယခုသတိပေးစာ ထုတ်ပြန်ပြီးနောက်ပိုင်းတွင် ဆက်သွယ်မှုများ လုံးဝ (လုံးဝ) မပြုလုပ်ကြရန် ညွှန်ကြားထားသည်။

‎‎အဆိုပါသတိပေးချက်ကို မလိုက်နာဘဲ ရွေးတုအစိုးရစစ်တပ်နှင့် ဆက်လက်ပူးပေါင်း ပတ်သက်ဆက်နွယ်နေပါက ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဟုဆိုသည်။

‎‎ထုတ်ပြန်ချက်ကို အမှတ် (၁၂) တပ်ရင်းမှ တပ်ရင်းမှူးကိုယ်တိုင် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့တွင် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

‎‎ရွှေကူနယ်မြေအတွင်း တိုက်ပွဲများဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းပစ်ကူများပါခေါ်ယူ တိုက်ခိုက်နေလျက်ရှိသည်။ ရွှေကူ‌ ငါးလမ်းဆုံနှင့် လေးလမ်းဆုံအထက်တို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွါးနေသည်။