‎ဧရာဝတီတိုင်းမ်
‎ဇွန် ၂၄ရက်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ တောင်မော်ဦးရေတပ်မှ အဝတောင်ကျေးရွာရှိ ရွေးတုအစိုးရ စစ်တပ်၏ ကာကင်းစခန်းသို့ စစ်ကူများ ဆက်တိုက်ဖြည့်တင်းပြီးနောက် တိုက်ပွဲများ ပြင်းထန်လာပြီး စစ်တပ်ဘက်က အထိနာနေကြောင်း သိရသည်။

အဝတောင်ကျေးရွာအနီးတွင် စစ်တပ်က အင်အားဖြည့်လွှတ်ထားသည့် စစ်ကြောင်းနှင့် ရက္ခိုင့် တပ်တော် (AA) တို့ ဇွန်လ ၂၀ ရက်က တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က အထိနာ သွားသဖြင့် ဒဏ်ရာရတပ်ဖွဲ့ဝင်များကို တောင်မော်ဦးရေတပ်ဘက်သို့ ပြန်လည်သယ်ဆောင်ကာ တပ်ဆုတ် ပြေးခဲ့ကြကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

‎”အင်အား ၂၀၀ လောက်ပါမယ့် စစ်ကြောင်းပြန်ထွက်လာတာမှာ တိုက်ပွဲအပြင်းအထန်ဖြစ်တယ်။ ပြီးတော့ အဝတောင်နဲ့ တောင်မော်ဦးဘက် ပြန်ပြေးဆုတ်သွားရတယ်ပြောတယ်” ဟု ကျောက်ဖြူ ဒေသခံ သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထိုသို့ ပြန်လည်ခေါ်ယူသွားသည့် ဒဏ်ရာရလူနာများကို ဓညဝတီရေတပ်ဌာနချုပ်သို့ တဆင့်ထပ်မံ ပို့ဆောင်နေရပြီးစစ်ကူများကိုမူ တောင်မော်ဦးရေတပ်မှတစ်ဆင့် အဝတောင်ကျေးရွာဘက်သို့ ဆက်လက် ပို့ဆောင်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန် ၁၇ ရက်နေ့ကလည်း စနဲမြို့သို့ ဦးတည်သည့် စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရသဖြင့် အင်အား ၁၀၀ ခန့် ပြုန်းတီးကာ တပ်ပျက်ထွက်ပြေးခဲ့ရသည့်အပြင် ဇွန်လ ၉ ရက်နေ့ တိုက်ပွဲတွင်လည်း စစ်တပ်ဘက်က အင်အား ၂၀ ခန့် သေဆုံးခဲ့ပြီး ဖြစ်သည်။

ရွေးတုအစိုးရ စစ်တပ်သည် ကျောက်ဖြူ – ရမ်းဗြဲ လမ်းပိုင်းကို အဓိကစိုးမိုးလိုသဖြင့် တောင်မော်ဦး ရေတပ်တွင် စစ်မှုထမ်းဥပဒေဖြင့် ခေါ်ယူထားသည့် တပ်သားသစ်များကို အဓိကထား၍ အင်အား ဖြည့်တင်းနေခြင်း ဖြစ်သည်။ သို့သော်လည်း စစ်ကြောင်းထွက်သည့် အကြိမ်တိုင်းတွင် အထိနာကာ ဒဏ်ရာရသူများကို ပြန်လည်ဆွဲပြေးရသည်အထိ တပ်ပျက်လျက်ရှိကြောင်း သိရသည်။

ပုံစာ-စစ်အုပ်စု၏ စစ်ရေယာဉ်များကို တွေ့ရစဉ်(ပုံဟောင်း)