ဧရာဝတီတိုင်းမ်
ဇွန် ၂၄ ရက်

 

ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ ဘုရားသုံးဆူမြို့ကို ပြန်လည်ပေးအပ်ရန် ရွေးတုအစိုးရစစ်တပ်က ကရင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) ထံ ထပ်မံတောင်းဆိုနေကြောင်း သိရသည်။

 

DKBA အမှတ် (၂) စစ်ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် စောအေဝမ်း ထိန်းချုပ်ထားသည့် အဆိုပါ ဘုရားသုံးဆူမြို့ကို ရွေးတုအစိုးရစစ်တပ်က နှစ်ကြိမ်ထက်မနည်း တောင်းဆိုပြီးနောက် လက်ရှိတွင် ကြာအင်းဆိပ်ကြီး – ဘုရားသုံးဆူလမ်းပိုင်း၌ စစ်ရေးလှုပ်ရှားမှုများ စိပ်လာကြောင်း DKBA နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

 

မော်လမြိုင်အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) တိုင်းမှူး ဗိုလ်မှူးချုပ် သူရဇော်လွင်စိုးက ဘုရားသုံးဆူမြို့ကို လာမည့် ဇွန်လအတွင်း ပြန်လည်ပေးအပ်ရန်နှင့် မပေးပါက မြို့ကို လေကြောင်းမှ ဗုံးကြဲတိုက် ခိုက်မည့်အပြင် မြေပြင်စစ်ကြောင်းထိုး သိမ်းပိုက်မှုများပါ လုပ်ဆောင်သွားမည်ဟု သတိပေး ပြောဆိုခဲ့ကြောင်း သိရသည်။

“အရင်ကလည်း မြို့ကိုပေးဖို့ DKBA ဆီ တောင်းသေးတယ်။ တိုင်းမှူး ဇော်လွင်စိုးကို ပိုက်ဆံပေးပြီး ဖြေရှင်းလိုက်တာ ခဏငြိမ်သွားတယ်။ အခုတစ်ခါ ထပ်တောင်းတာပေါ့။ ဘာမှတော့ တုံ့ပြန်သံ မကြားသေးဘူး။ မြို့ကို DKBA က ယူထားပြီး မြို့အုပ်ချုပ်ရေးကိုတော့ KNU က ဆောင်ရွက်နေတာ” ဟု DKBA နှင့် နီးစပ်သူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

ဘုရားသုံးဆူမြို့ကို ပြန်မပေးပါက စစ်ရေးဖြင့် ဖြေရှင်းဆောင်ရွက်သွားမည်ဟု စစ်တပ်က ခြိမ်းခြောက်ထားပြီး၊ ကြာအင်းဆိပ်ကြီးမြို့ဘက်သို့ မော်လမြိုင်၊ ကျိုက်မရောနှင့် မုဒုံမြို့တို့မှ တပ်များဖြင့် အင်အားအများအပြား ဖြည့်တင်းနေကာ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

 

နယ်စပ်မြို့ ဘုရားသုံးဆူကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်က ကရင်အမျိုးသားအစည်းအရုံး (KNU) ဦးဆောင်သည့် ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ မြို့ပေါ်တွင် စစ်တပ်၏ ခမရ -၂၈၄ လက်အောက်ခံ နဂါးတောင် စခန်းတစ်ခုသာ ကျန်ရှိတော့ခြင်း ဖြစ်သည်။

 

ရွေးတုအစိုးရစစ်တပ်အနေဖြင့် နယ်စပ်ကုန်သွယ်ရေးကို ပြန်လည်ထိန်းချုပ်နိုင်ရန်နှင့် ကျားဖြန့် (အွန်လိုင်းငွေလိမ်လုပ်ငန်း) များကို ဝင်ရောက်ရှင်းလင်းရန် ရက် ၁၀၀ စီမံချက်ကို အကြောင်းပြချက်ပေး၍ ဘုရားသုံးဆူမြို့ကို ပြန်လည်တောင်းဆိုနေခြင်းဖြစ်ကြောင်း သိရသည်။

 

လက်ရှိတွင် တိုက်ပွဲများ အချိန်မရွေး ဖြစ်ပွားလာမည်ကို စိုးရိမ်နေသဖြင့် ဘုရားသုံးဆူမြို့မှ စီးပွားရေးလုပ် ငန်းရှင်အချို့ ထိုင်းဘက်ခြမ်းသို့ ရွှေ့ပြောင်းနေကြကြောင်း သိရသည်။

 

ဓာတ်ပုံ – လူမှုကွန်ရက်