ဧရာဝတီတိုင်းမ်
ဇွန် ၂၄ ရက်
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ခုတွင် တပ်စွဲထားသော ရွေးတုအစိုးရစစ်တပ်မှ စစ်သားအချင်းချင်း စကားများရန်ဖြစ်ရာမှ သေနတ်ဖြင့် အပြန် အလှန် ပစ်ခတ်ခဲ့ကြသဖြင့် တပ်သား နှစ်ဦးစလုံး သေ ဆုံးသွားသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း တပ်တွင်း အတွင်းသတင်းများအရ သိရသည်။
ရေကြည်မြို့နယ်၊ ကမ်းဘားကြီးအနီးရှိ ရွာသစ်ကလေးကျေးရွာတွင် တပ်စွဲထားသည့် ခြေမြန်တပ်ရင်း (ခမရ) မှ တပ်သားများသည် ဇွန် ၂၂ရက် နံနက်ပိုင်းက အချင်း ချင်း အငြင်းပွား ရန်ဖြစ်ခဲ့ကြပြီး သေနတ်ဖြင့် အပြန် အလှန် ပစ်ခတ်ခဲ့ကြသဖြင့် နှစ်ဦးစလုံး သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် အဆိုပါနေ့ ညနေပိုင်းကလည်း ဘုရားကြီး၌ တပ်စွဲထားသော တပ်သားများအကြား အချင်းချင်း ခိုက်ရန်ဖြစ်ပွားကာ လုံးထွေးထိုးနှက်မှုများ ထပ်မံဖြစ်ပွားကြောင်း အတွင်းသတင်းများအရ အတည်ပြုနိုင်ခဲ့သည်။
”ဟင်းစားခွဲပေးတာနဲ့ ကင်းစောင့်တာဆိုတဲ့ အသေးစားပြဿနာကနေ ရှေ့တန်းတိုက်ပွဲမှာ အသေခံတက်ခိုင်းတာအထိ ပြဿနာကကြီးထွားနေတယ်။ အငယ်တွေက အသေခံတက်နေရပြီး အထက်ကကောင်းစားနေတယ်ဆိုပြီး ထုတ်ပြောပွင့်ထွက်လာကြတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်တပ်တွင်း ယခုကဲ့သို့ အချင်းချင်း အကြမ်းဖက်ဖြေရှင်းရသည်အထိ အခြေအနေ ဆိုးဝါးလာရခြင်းမှာ ရိက္ခာနှင့် အုပ်ချုပ်ထောက်ပံ့မှုစနစ် ပျက်ပြားနေခြင်းကြောင့်ဖြစ်ကြောင်း ကျေနပ်မှုမရှိသည့် တပ်ဖွဲ့ဝင်များ၏ ပြောပြချက်များအရ သိရသည်။
ရိက္ခာပြတ်လပ်ခြင်းနှင့် မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် အချင်းပွားမှုများရှိနေပြီး စားနပ်ရိက္ခာ ဆင်းရဲပြတ်လပ်မှုများ ကြုံတွေ့နေရသည့်အပြင်၊ တပ်သားများ စိတ်ဓာတ်တက်ကြွစေရန် ရည်ရွယ်၍ အရက် သေစာနှင့် မူးယစ်ဆေးဝါးများ ဖြန့်ဝေပေးထားခြင်းကြောင့် တပ်တွင်း၌ ထိန်းသိမ်းမရသော အခြေအနေမျိုး ဖြစ်ပေါ်နေသည်။
ထို့ပြင် စစ်မှုထမ်းတပ်သားသစ် အဖွဲ့ဝင်များနှင့် ပုံမှန်သန္ဓေတပ်သားများအကြား ခွဲခြားဆက်ဆံမှုများ ရှိနေခြင်း၊ ဟင်းစားအပါအဝင် ရိက္ခာခွဲဝေမှုစနစ် မမျှတခြင်းနှင့် ကင်းတာဝန်ချထားမှုများတွင် သိသိသာသာ ဘက် လိုက်မှုများ ရှိနေသည်။
တပ်တွင်းရှိ ဖိနှိပ်ချုပ်ချယ်မှုများနှင့် မမျှတမှုများကြောင့် အောက်ခြေရဲဘော်အများစုမှာ စိတ်ပျက် ဒေါသဖြစ်နေပြီး အခွင့်အရေးရရှိပါက ရသလိုပြန်လည် တုံ့ပြန်ရန်နှင့် လွတ်မြောက်ရာကို ရှာဖွေရန် ကြံစည်နေ၍ တပ်တွင်းအခြေအနေမှာ အချိန်မရွေး ပေါက်ကွဲနိုင်ကြောင်း သိရသည်။
ပုံစာ- ရွေးတုအစိုးရစစ်တပ် တပ်ဖွဲ့ဝင်များ