ဧရာဝတီတိုင်းမ်
ဇွန် ၂၄ ရက်

မလေးရှားနိုင်ငံက ရိုဟင်ဂျာဒုက္ခသည်ပြဿနာကို ရေရှည်ဖြေရှင်းနိုင်ဖို့ မြန်မာအာဏာပိုင်တွေနဲ့ ဆွေးနွေးတာအပါအဝင် အာဆီယံလုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ တိုးမြှင့်သွားမယ်လို့ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ပြောကြားလိုက် ပါတယ်။

မလေးရှားနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံစလုံးဟာ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ ဒုက္ခတွေကို ဖြေရှင်းပေး ဖို့ ခိုင်ခိုင်မာမာ သန္နိဋ္ဌာန်ချထားကြတယ်လို့ ၎င်းက ဆိုပါတယ်။

မြန်မာအာဏာပိုင်တွေနဲ့ ညှိနှိုင်းဆွေးနွေးနိုင်ဖို့အတွက် နှစ်နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ကောင်းမွန် တဲ့ ဆက်ဆံရေးနဲ့ အာဆီယံရဲ့ လုပ်ငန်းစဉ်တွေကို အသုံးချပြီး လုပ်ဆောင်သွားမယ်လို့ သူက ရှင်းပြပါတယ်။

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် တာရစ်ရာမန်နဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ အန်ဝါက “ကျွန်တော်တို့ရဲ့ ဘုံ ကြိုးပမ်းမှုနဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ၊ အာဆီယံလုပ်ထုံးလုပ်နည်းတွေကို အသုံးပြုပြီး မြန်မာအာဏာ ပိုင်တွေနဲ့ ဆွေးနွေးကာ ဒုက္ခသည်ပြဿနာရဲ့ အစိတ်အပိုင်းအချို့ကို ဖြေရှင်းနိုင်ဖို့ ကြိုးစားသွားမှာပါ” လို့ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် တာရစ်ကလည်း ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေရတဲ့ ရိုဟင်ဂျာတွေရဲ့ လူ သားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေအပေါ် အလွန်စိုးရိမ်ကြောင်း ပြောကြားခဲ့ပြီး ဒုက္ခသည်တွေ မြန်မာနိုင်ငံဆီ ဘေးကင်းဂုဏ်သိက္ခာရှိရှိနဲ့ ရေရှည်ပြန်နိုင်ရေးအတွက် မလေးရှားက ဆက်တိုက်ကူ ညီပေးနေမှုကို ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်အနေနဲ့ တခြားသောကိစ္စရပ်တော်တော်များများမှာ ဒေသတွင်း ပူးပေါင်းဆောင် ရွက်မှုတွေကို ပိုမိုနီးကပ်စွာ လုပ်ဆောင်သွားဖို့ မျှော်လင့်ထားကြောင်း သူက ဖြည့်စွက်ပြောပါတယ်။

“ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာတွေအတွက် စိုးရိမ်မိသလို သူတို့ မြန်မာပြည်ပြန်နိုင်ရေး မလေးရှားရဲ့ အမြဲတမ်းပံ့ပိုးမှုကို ကျေးဇူးတင်ပါတယ်” လို့ တာရစ်က ဆိုပါတယ်။

ကိုးကား – Bernama
Ref; Malaysia and Bangladesh vow to push Asean for lasting Rohingya solution, engage Myanmar authorities directly