ဧရာဝတီတိုင်းမ်
ဇွန် ၂၄ ရက်
မြန်မာနိုင်ငံတွင် မတရားသဖြင့် အာဏာသိမ်းယူပြီး အရပ်သားပြည်သူများနှင့် အဆောက်အအုံများကို ပစ်မှတ်ထားကာ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ဗုံးကြဲတိုက်ခိုက်ခြင်းများ ပြုလုပ်နေသည့် စစ်ခေါင်းဆောင် အသွင်ပြောင်း ရွေးတုသမ္မတ ဦးမင်းအောင်လှိုင်က ၎င်းအနေဖြင့် နိုင်ငံကောင်းအောင် လုပ်ဆောင် နေခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ရွေးတုသမ္မတအဖြစ် သွားရောက်သည့် တရုတ်နိုင်ငံခရီးစဉ်အတွင်း Phoenix သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းစဉ် ထိုကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ကြောင်း ရွေးတုအစိုးရအဖွဲ့၏ ယမန်နေ့ ဇွန်လ ၂၄ ရက်ထုတ် ဝါဒဖြန့်သတင်းစာများတွင် ဖော်ပြထားသည်။
“အခု နိုင်ငံတော်တာဝန်ယူတဲ့အခါမှာလည်း နိုင်ငံတော်ကို ဘယ်လိုကောင်းအောင်လုပ်မလဲဆိုတဲ့ စိတ်နဲ့လုပ်ပါတယ်။ စိတ်ကူးဆိုတာရှိတယ်၊ ဒီလိုလုပ်ရင် ဘယ်လိုဖြစ်နိုင်မလဲဆိုတာရှိကြတယ်။ ဒါကို ရအောင်အကောင်အထည်ဖော်ရတယ်” ဟု ရွေးတုသမ္မတက ပြောကြားခဲ့သည်။
ထို့အပြင် ယခင်ကာလ တာဝန်ယူခဲ့ရသည့် ဌာနများတွင်လည်း မည်ကဲ့သို့ ကောင်းမွန်အောင် လုပ်ဆောင် မည်ဆိုသော စိတ်ဖြင့်ပင် လုပ်ဆောင်ခဲ့သလို၊ အောက်ခြေအဆင့် (Level) မှစတင်၍ အဆင့်မြင့် တာဝန် များထမ်းဆောင်ရသည်အထိ ယင်းစိတ်ကူးအတိုင်းပင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆက်လက် ဆိုထားသည်။
လက်တွေ့တွင်မူ ရွေးတုသမ္မတ ရာထူးခံယူထားသော စစ်ခေါင်းဆောင်သည် နိုင်ငံတော်အင်္ဂါစဉ်အရ နံပါတ် (၈) နေရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် စစ်အာဏာသိမ်းယူခဲ့ပြီး လက်ရှိအချိန်အထိ စိတ်ထင်ရာစိုင်းကာ နိုင်ငံကို ဖျက်ဆီးနေသူ ဖြစ်သည်။
ထို့ပြင် နိုင်ငံ့ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီခေါင်းဆောင်များ၊ အထင်ကရ လူပုဂ္ဂိုလ်များ၊ တက်ကြွ လှုပ်ရှားသူများ၊ သတင်းသမားများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများကို မတရားသဖြင့် ဖမ်းဆီး ချုပ်နှောင် နှိပ်စက်သတ်ဖြတ်နေသည့်အပြင် အရပ်သားပြည်သူ့နေအိမ်များကို စစ်ကြောင်းထိုး မီးရှို့ခြင်းနှင့် နိုင်ငံတစ်ဝန်း ဗုံးကြဲတိုက်ခိုက်ခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်နေ သဖြင့် ကုလသမဂ္ဂ၊ အာဆီယံနှင့် နိုင်ငံတကာအသိုင်းအဝိုင်းက အရေးယူပိတ်ဆို့ ဖယ်ကြဉ်ထားခြင်း ခံရသူလည်း ဖြစ်သည်။
လက်ရှိ တရုတ်နိုင်ငံသို့ သွားရောက်သည့် ခရီးစဉ်သည်လည်း ၎င်းတို့အာဏာသိမ်းစစ်အုပ်စုကို အသိ အမှတ်ပြု ထောက်ခံအားပေးကာ တစ်ဖက်သတ် ကူညီနေသည့် အကျိုးစီးပွားဖက် အိမ်နီးချင်းနိုင်ငံ တရုတ်မှတစ်ဆင့် နိုင်ငံတကာ၏ ဖယ်ကြဉ်ထားမှုများကြားမှ ရုန်းထွက်နိုင်ရန် ကြိုးပမ်းမှုဖြစ်ကြောင်း နိုင်ငံရေးအကဲခတ်များက သုံးသပ်ဖြေကြားထားသည်။
ဓာတ်ပုံ – MOI