ဧရာဝတီတိုင်းမ်
ဇွန် ၂၃ ရက်

 

နိုင်ငံ ၁၁ နိုင်ငံမှ လက်ရှိနဲ့ အမတ်ဟောင်း စုစုပေါင်း ၁၃၄ ဦးပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့ဟာ ထိန်းသိမ်းခံ မြန်မာအရပ်ဘက်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ ပြန်လွှတ်ပေးရေး တောင်းဆိုကြဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းလိုက်ပါတယ်။

 

ဇွန် ၁၉ ရက် ရက်စွဲနဲ့ ထုတ်ပြန်ထားတဲ့ အိတ်ဖွင့်ပေးစာထဲမှာ အဲဒီလွှတ်တော်အမတ်တွေက နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေကို လွတ်လပ်စွာ သွားရောက်စစ်ဆေးခွင့်ပေးဖို့ တောင်းဆိုထားပါတယ်။

 

အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်အတိုင်း အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖော် ဆောင်ပေးရေး မြန်မာစစ်အုပ်စုကို ဖိအားပေးကြဖို့ အာဆီယံခေါင်းဆောင်တွေကို ၎င်းတို့က တိုက်တွန်း ထားပါတယ်။

အာဆီယံလူ့အခွင့်အရေးလွှတ်တော်အမတ်များအဖွဲ့ (APHR) က ကြီးမှူးစီစဉ်တဲ့ ဒီပေးစာမှာ ဩစ တြေးလျ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ အီတလီ၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ တောင်အာဖရိက၊ ထိုင်းနဲ့ အရှေ့တီမောနိုင်ငံတို့က လွှတ်တော်အမတ်တွေ လက်မှတ်ရေးထိုးထားပါတယ်။

 

ပြီးခဲ့တဲ့ဧပြီလမှာ ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်မှ နေပြည်တော်က လူမသိတဲ့နေရာ တစ်ခုဆီ အကျယ်ချုပ်ပြောင်းရွှေ့လိုက်တယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာပြီးနောက်ပိုင်း သူ့အခြေအ နေအပေါ် စိုးရိမ်မှုတွေ ရှိနေတယ်လို့ လွှတ်တော်အမတ်တွေက ပြောပါတယ်။

 

ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်း သက်သေပြဖို့နဲ့ မိသားစုဝင်တွေ၊ ရှေ့နေ တွေအပြင် သီးခြားလွတ်လပ်တဲ့ ဆေးအဖွဲ့တွေကိုပါ ကန့်သတ်ချက်မရှိ တွေ့ဆုံခွင့်ပေးဖို့ ၎င်းတို့က တောင်းဆိုထားပါတယ်။

 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်း သား ၂၂,၀၀၀ ကျော် ဖမ်းဆီးခံထားရဆဲဖြစ်ပြီး နောက်ဆက်တွဲ ပဋိပက္ခတွေအတွင်း လူပေါင်းထောင်ချီ သေဆုံးခဲ့ရပါတယ်။

 

ကိုးကား – Khaosod
Ref; Parliamentarians urge ASEAN to seek Aung San Suu Kyi’s release