ဧရာဝတီတိုင်းမ်
ဇွန် ၂၃ ရက်

 

လာမည့်နှစ်တွင် စတင်မည့် BIMSTEC အဖွဲ့၏ အလှည့်ကျ အထွေထွေအတွင်းရေး မှူးချုပ် ရာထူးကို အတုအယောင်ရွေး ကောက်ပွဲမှ ပေါ်ပေါက်လာသည့် ရွေးတုအစိုးရ မြန်မာနိုင်ငံက သုံးနှစ်တာဝန်ထမ်းဆောင်ခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။

 

ယမန်နေ့ ဇွန် ၂၂ ရက်တွင် နေပြည်တော်၌ ရွေးတုသမ္မတ ဦးမင်းအောင်လှိုင်နှင့် လက်ရှိ BIMSTEC အဖွဲ့ အတွင်းရေးမှူးချုပ် တာဝန်ထမ်းဆောင်နေသည့် အိန္ဒိယနိုင်ငံမှ မစ္စတာ အင်ဒရာ မနီပန်းဒေး ဦးဆောင်သောအဖွဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် အဆိုပါ အတွင်း ရေးမှူးချုပ်တာဝန်ကို မြန်မာနိုင်ငံက လွှဲပြောင်းရယူရမည်ဖြစ်ကြောင်း ရွေးတုသမ္မတရုံးထံမှ သိရသည်။

 

လာမည့် ၂၀၂၇ ခုနှစ်တွင် ဘင်္ဂလားပင်လယ် အော်ဒေသဆိုင်ရာ နည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (BIMSTEC) ဖွဲ့စည်းမှု သက်တမ်း နှစ် ၃၀ ပြည့်မြောက်တော့မည်ဖြစ်ကာ အဖွဲ့အတွင်း ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံတို့ ပါဝင်သည်။

အဆိုပါ အဖွဲ့ဝင်နိုင်ငံများ၏ အင်္ဂလိပ်အက္ခရာစဉ်အတိုင်း အထွေထွေ အတွင်း ရေးမှူးချုပ် ရာထူးကို သုံးနှစ်တစ်ကြိမ် အလှည့်ကျ တာဝန်ထမ်းဆောင်ရခြင်းဖြစ်ပြီး ကိုယ်စားလှယ်လောင်းကို အဖွဲ့ဝင်နိုင်ငံများ၏ သဘောတူညီချက်ဖြင့် ခန့်အပ်ရခြင်းဖြစ်သည်။

 

အာဏာသိမ်းစစ်တပ်၏ ပုံရိပ်အပြောင်း အလဲဖြစ်သော ရွေးတုသမ္မတ၏ နိုင်ငံရေးစနစ်အပြောင်းအလဲအပေါ် BIMSTEC အဖွဲ့ဝင်နိုင်ငံများက ကန့်ကွက်မှုမရှိဘဲ အတွင်းရေးမှူးချုပ်တာဝန် ထမ်းဆောင်ရန် သဘောတူထားကြသည်။

 

မြန်မာနိုင်ငံသည် ၂၀၂၆ ခုနှစ်အတွက် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ရာထူးကို ရရှိရမည် ဖြစ်သော်လည်း စစ်တပ်၏ အာဏာ သိမ်းမှုကို ပြင်းပြင်းထန်ထန် ကန့် ကွက်သည့်အနေဖြင့် အလှည့်ကျရာထူးကို ကျော်လွန်ရပ်ဆိုင်းလိုက်ကာ ဖိလစ်ပိုင်နိုင်ငံက အစားထိုး တာဝန်ယူခဲ့ရခြင်းဖြစ်သည်။

 

သို့သော် BIMSTEC အဖွဲ့တွင်မူ အာဆီယံနှင့်မတူဘဲရွေးတုအစိုးရကို ကန့်ကွက်ခြင်းမရှိ ယခုကဲ့သို့ ရာထူးလွှဲပြောင်းပေးရန် ဆုံးဖြတ်ခဲ့သည်။

ဓာတ်ပုံ – MOI