ဧရာဝတီတိုင်းမ်
(မင်းတပ်)၊ ဇွန် ၂၃ ရက်
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်အရှေ့ခြမ်းကို ရွေးတုအစိုးရစစ်တပ်က လေကြောင်းမှ တစ်ဆင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မိခင်နှင့် ကလေးငယ်တစ်ဦး သေဆုံးပြီး အခြားဒေသခံ သုံး ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ရွေးတုအစိုးရစစ်တပ်သည် Y-12 လေယာဉ်ကို အသုံးပြု၍ ယမန်နေ့ ဇွန်လ ၂၁ ရက်နေ့၊ ည ၁၁ နာရီမှ ၁၂ နာရီဝန်းကျင်ကြားတွင် မင်းတပ်မြို့နယ်အရှေ့ခြမ်းရှိ ကျောက်တောင်ကျေးရွာ အနီးတစ်ဝိုက်သို့ ဗုံးသီး အလုံးရေ ၂၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ရွာဘက်မှာ စစ်ကြောင်းထိုး တိုက်ပွဲဖြစ်ကတည်းက ရွာသားတွေ တောတောင်တွေမှာ စစ်ရှောင် ကြတာပါ။ မနေ့က တောတောင်တွေ၊ ချောင်းစပ်တွေမှာ ဗုံးကြဲတော့ အရပ်သားတွေ ထိခိုက်ကုန်တာပါ” ဟု မင်းတပ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောက်တောင်ကျေးရွာမှ အသက် ၂ နှစ်အရွယ် ကလေးငယ် တစ်ဦးနှင့် မိခင်ဖြစ်သူတို့မှာ ဗုံးစထိမှန်ကာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ရပြီး အခြားစစ်ဘေးရှောင် ဒေသခံ သုံးဦးလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် မေလ ၂၉ ရက်နေ့မှစတင်၍ ကျောက်ထုမြို့ရှိ အမှတ် (၃၆၈) အမြောက်တပ်ရင်းမှ ရွေးတုအစိုးရစစ်တပ် စစ်ကြောင်းများ ထိုးလာခြင်းကြောင့် ကျောက်တောင်ကျေးရွာရှိ ဒေသခံများသည် နီးစပ်ရာ တောစပ်များနှင့် ချောင်းဘေးများသို့ ထွက်ပြေးတိမ်းရှောင်နေကြရခြင်း ဖြစ်သည်။
ရွေးတုအစိုးရစစ်တပ်သည် ယမန်နေ့ ဇွန် ၂၂ ရက်၊ ည ၇ နာရီဝန်းကျင်တွင်လည်း မင်းတပ်မြို့နယ် အတွင်းကို ဂျက်ဖိုက်တာ သုံးစင်းဖြင့် လေကြောင်းတိုက်ခိုက်မှုများ ထပ်မံပြုလုပ်ခဲ့သည်။
ဗုံစာ-မင်းတပ်မြို့ မြင်ကွင်း။