ဧရာဝတီတိုင်းမ်
ဇွန် ၂၃ ရက်

 

ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့အနီးတွင် ရွေးတုအစိုးရစစ်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ အကြား တိုက်ပွဲများ ပြင်းထန်နေပြီး ထိုင်းဘက်ခြမ်းသို့ လက်နက်ကြီး၊ လက်နက်ငယ်ကျည်များ ကျရောက်လာသည့်အတွက် နယ်စပ်ရှိ စာသင်ကျောင်းတစ်ကျောင်းကို ယာယီပိတ်ထားရကြောင်း ထိုင်းစစ်တပ်က ပြောဆိုသည်။

 

မဲဆောက်မြို့နယ်အတွင်းရှိ မယ့်ကိုကင်းကျောင်းသည် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် ဖြစ်ပွား နေသည့် တိုက်ပွဲများနှင့် လုံခြုံရေးအခြေအနေကြောင့် စာသင်ကြားမှုများကို ရပ်ဆိုင်းထားရကြောင်း ထိုင်းတော်ဝင်စစ်တပ်၏ ဒုတိယပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နုချ်ရာဝီ ဂျမ်းဂျမ်းရတ်က ယမန်နေ့ ဇွန် ၂၂ ရက်နေ့တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ရွေးတုအစိုးရစစ်တပ်သည် မြဝတီမြို့တောင်ဘက်ရှိ မင်းလက်ပံရွာနှင့် ဖလူးကျေးရွာတို့တွင် စစ်ကူနှင့် လက်နက်ခဲယမ်းအင်အား အလုံးအရင်း ဖြည့်တင်းထားပြီး ဇွန်လ ၂၁ ရက်နှင့် ၂၂ ရက်နေ့များက တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များကို အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ ထို့ကြောင့် အဆိုပါ ဒေသများနှင့် မျက်နှာချင်းဆိုင်ရှိ ထိုင်းနယ်စပ်အခြေအနေကို ထိုင်းတာဝန်ရှိသူများက အနီးကပ် စောင့်ကြည့် နေကြောင်း သိရသည်။

 

အဆိုပါ တိုက်ပွဲများအတွင်းမှ ကျည်ဆံများနှင့် လက်နက်ကြီးစများ ထိုင်းနိုင်ငံအတွင်းသို့ ကျရောက် ခဲ့သဖြင့် ကျောင်းသား၊ ကျောင်းသူများ၏ ဘေးကင်းလုံခြုံရေးအတွက် မယ့်ကိုကင်းကျောင်းကို အရေးပေါ် ယာယီပိတ်ထားခြင်း ဖြစ်သည်။

 

လက်ရှိတွင် ထိုင်းစစ်တပ်တာဝန်ရှိသူများက နယ်စပ်တစ်လျှောက် နေထိုင်ကြသည့် ထိုင်းပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန်အတွက် လူအင်အားနှင့် စစ်လက်နက်ပစ္စည်းများကို အသင့် အနေအထား ပြင်ဆင်ထားကြောင်းလည်း သိရသည်။

 

ထို့ပြင် နယ်စပ်ဒေသခံများအနေဖြင့်လည်း စစ်ရေးအခြေအနေကို အထူးဂရုပြုနေထိုင်ကြရန်နှင့် အစိုးရ၏ သတင်းထုတ်ပြန်ချက်များကို အဆက်မပြတ် စောင့်ကြည့်ကြရန် ထိုင်းစစ်တပ်က သတိ ပေးထားပြီး ထိခိုက်နစ်နာမှုများ ရှိလာပါက လုံခြုံရေးတပ်ဖွဲ့များထံ ၂၄ နာရီပတ်လုံး အချိန်မရွေး ဆက်သွယ်သတင်းပို့နိုင်ကြောင်း အသိပေးထားသည်။

 

ကိုးကား – The Nation Thailand