ဧရာဝတီတိုင်းမ်
ဇွန် ၂၃ ရက်
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်တွင် အရပ်သား အမျိုးသားတစ်ဦးကို ဖမ်းဆီးငွေညှစ် ခြိမ်းခြောက်မှုနှင့် ပတ်သက်၍ ညှိနှိုင်းဖြေရှင်းရန် လာရောက်ရာတွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) မိုင်းများကြောင့် ရဲဘော်လေး ဦး ကျဆုံး၍ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ဆိုထားသည်။
ထိုကိစ္စအပေါ် PLA က ယနေ့ဇွန် ၂၃ ရက်တွင် နောက်ဆက်တွဲ သတင်းထုတ်ပြန်ရာ၌ ၎င်းတို့အနေဖြင့် တောင်သာမြို့နယ်သို့ ရောက်ရှိနေသည့် ရန်သူစစ်အုပ်စု တပ်ဖွဲ့ဝင်နှစ်ဦးကို ဖမ်းဆီးရမိကာ ထွက်ဆိုချက်အရ ရန်သူ့သတင်းပေး ဆက်စပ်တရားခံ တစ်ဦးအား ပြီးခဲ့သော မေ ၂၆ ရက်၌ ထပ်မံဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အပြစ်မဲ့အရပ်သား မဟုတ်ကြောင်း ဖော်ပြလာသည်။
အဆိုပါ ဖမ်းဆီးထားသော ရန်သူ့သတင်းပေး ဆက်စပ်တရားခံသည် PLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှုများကို ဝဲလောင်စခန်းမှူးထံ ပုံမှန်သတင်းပို့နေသူဖြစ်ဟု ထွက်ဆိုဝန်ခံထားပြီး PLA အနေဖြင့် တရားခံအား ပြင်းပြင်းထန်ထန် သတိပေး ပြန်လည်စေလွှတ်ခဲ့သလို ငွေကြေးကိစ္စမရှိကြောင်း ငြင်းဆိုသည်။
NUG ၏ ကနဦး ထုတ်ပြန်ချက်တွင်မူ ၎င်းတို့ကိုအကြောင်းကြား သတင်းပို့ခြင်းမရှိဘဲ ထိုနေ့ ညပိုင်း၌ ဝဲလောင်းကျေးရွာနေ ဦးသန်း(ပြည်သူ၏ လုံခြုံရေးအရအမည်လွှဲ)အား ဖမ်းဆီး၍ ကားတစီး၊ ယိုးဒယား ဆိုင်ကယ်တစီး၊ လော်ဂျား ဆိုင်ကယ်တစီး၊ အိမ်ဝိုင်းစာချုပ် စသည့်တို့အပြင် ငွေသား (၁၀) သိန်းကျပ်ကိုပါ တပါတည်းယူဆောင်သွားခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ယင်းသို့ PLA ဖမ်းဆီးသွားသော ဦးသန်းသည် ကားသမားတစ်ဦးဖြစ်ပြီး သတင်းပေး ဒလန်မဟုတ်ဘဲ ပြည်သူတစ်ဦးသာ ဖြစ်သလို ဇွန် ၁၈ ရက်တွင် ၎င်း၏ ဇနီးဖြစ်သူထံ ဖုန်းဆက်၍ သိန်းနှစ်ထောင် မပေးပါလျှင် သတ်ပစ်မည်ဟု PLA က ချိန်းခြောက်လာသဖြင့် ဇနီးဖြစ်သူမှ တောင်သာမြို့နယ် ပလဖရုံးသို့ ဆက်သွယ်အကူအညီ တောင်းလာခဲ့ကြောင်း သိရသည်။
“ခရိုင်ကွပ်ကဲရေးမှူးကနေ သူတို့ဖမ်းသွားတဲ့လူ၊ ကားနဲ့ စတာတွေ အကုန်ပြန်ပေးဖို့၊ မပေးရင် အရေးယူမယ် ဆိုတဲ့အကြောင်း လှမ်းအကြောင်းကြားတယ်ပေါ့နော်။ အဲဒါကို သူတို့က လာပြီးတော့ အဖမ်းခံခြင်း၊ ဖြေရှင်းခြင်းမျိုး မရှိဘူး။ အဲတော့ ဒီကနေ သူတို့စခန်းကို ညှိနှိုင်းဖြေရှင်းဖို့ သွားခဲ့တယ်” ဟု ယခုဖြစ်စဉ်ကို သိရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထိုငွေညှစ်ခြိမ်းခြောက်ခံထားရသည့် ပြည်သူ ဦးသန်းကို ခုနှစ် ရက်အတွင်း ပြန်လွှတ်ပေးရန်နှင့် သိမ်းဆည်းထားသော ပစ္စည်းများအား ကာယကံရှင်ထံသို့ ပြန်လည်ပေးအပ်ရန် တောင်သာမြို့နယ် ပကဖမှ လူကိုယ်တိုင်သွားရောက် စာပေးပို့သော်လည်း PLA မှ ပြန်မလွှတ်ပေးနိုင်ကြောင်းနှင့် ပူးပေါင်းမှုများ မပြုလုပ်နိုင်ကြောင်း စာပြန်လာဟု NUG က ထုတ်ပြန်ပြောဆိုသည်။
ယင်းနောက် ယမန်နေ့ ဇွန် ၂၂ ရက်တွင် ထပ်မံဆက်သွယ်ခဲ့ရာ ဖမ်းဆီးခံရသည့် ဦးသန်းကို PLA မှ ပြန်လွှတ်ပေးလိုက်ပြီဟု အကြောင်းပြန်ပြီး ဦးသန်းအား ဝဲလောင်းရွာနှင့် ရွာသစ်ရွာကြား၌ ရိုက်နှက်ထားသော ဒဏ်ရာများဖြင့် သတိလစ်လျက် ပြန်လည်တွေ့ရှိရသော်လည်း ပြည်သူပိုင်ပစ္စည်းများမှာ ယခုသတင်းထုတ်ပြန်ချိန်အထိ အပ်နှံခြင်းမရှိသေးကြောင်း သိရသည်။
ထို့အပြင် ခရိုင်အတွင်း နေထိုင်ခြင်းမရှိတော့သည့် PLA စခန်းများကို ဝင်ရောက်ခဲ့ရာ ရဲဘော်များအိပ်သော အိပ်ဆောင်နေရာများ၌ ရည်ရွယ်ချက်ရှိရှိ မိုင်းများထောင်ထားသဖြင့် ရဲဘော် လေး ဦး ကျဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ဟု NUG က ထုတ်ပြန်ပြောဆိုထားပြီး PLA ကမူ ယင်းကိစ္စနှင့် ပတ်သက်၍ ထည့်သွင်းဖော်ပြထားခြင်း မရှိကြောင်း သိရသည်။
PLA ၏ ယနေ့ထုတ်ပြန်ချက်တွင် ၎င်းတို့ထံ ဖမ်းဆီးထားသူ အမျိုးသားအား လွှတ်ပေးရန် ငွေကျပ်သိန်းနှစ်ရာမှ ငွေကျပ်သိန်းတစ်ထောင်အထိ ပေးမည်ဆိုပြီး ထိုသူဇနီးဖြစ်သူက အကြိမ်ကြိမ်ဖုန်းဆက်၍ ပြောဆိုလာသလို ယင်းအပေါ် လက်မခံငြင်းပယ်သဖြင့် အခြားအဖွဲ့အစည်းများနှင့် ညှိနှိုင်းလုပ်ဆောင်မည်ဟု ပြောဆိုသွားကြောင်း ဖော်ပြပါရှိထားသည်။
ယင်းအပြင် PLA တပ်ဖွဲ့အနေဖြင့် ရန်သူ့သတင်းပေး ဆက်စပ်တရားခံ ထိုအမျိုးသားကို NUG ထံ လွှဲပြောင်းပေးရန် ဆောင်ရွက်နေချိန် တောင်သာမြို့နယ် ပကဖမှ (၃၆) နာရီအတွင်း လွှဲပြောင်းပေးရန်နှင့် လိုက်နာခြင်း မပြုပါလျှင် နောက်ဆက်တွဲ ပြဿနာများအား တာဝန်ယူမည် မဟုတ်ဟု ရန်လိုသဘောဖြင့် ခြိမ်းခြောက်စာ ပေးပို့လာခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ထို့နောက် ဇွန် ၂၁ ရက်တွင် NUG တပ်ဖွဲ့များမှ အင်အားအများအပြားသုံး ၎င်းတို့အထိုင်စခန်းများကို ဝိုင်းဝန်းပိတ်ဆို့၊ တာဝန်ဖြင့် သွားလာသော ထောက်ပို့ရဲဘော် နှစ် ဦးအား ဖမ်းဆီးရန် ကြိုးပမ်းခြင်းများ ပြုလုပ်သလို ယမန်နေ့၌လည်း တရားခံကို လွှဲပြောင်းပေးရန်နှင့် ခရိုင်အတွင်းမှ ထွက်ခွာရန် ခြိမ်းခြောက်ဖိအားပေးလာကြောင်း PLA ၏ ထုတ်ပြန်ချက်အရ သိရသည်။
“ကျွန်တော်တို့နဲ့ နီးနီးစပ်စပ် အလုပ်တွဲလုပ်နေတဲ့ မဟာမိတ်တပ်ဖွဲ့က ခေါင်းဆောင်တွေကိုလည်း ဘယ်ဖက်ကနေ ဝင်ပါမှာလဲဆိုပြီးတော့ ဖိအားပေးပြီး ပြောဆိုတာမျိုးတွေ ရှိတယ်။ ကျွန်တော်တို့ကတော့ လက်ရှိအချိန်ထိ ထိပ်တိုက်မတွေ့အောင်လို့ ရှောင်နေတဲ့ အခြေအနေဖြစ်တယ်” ဟု PLA ပြောရေးဆိုခွင့်ရှိသူ ကိုဝေယံဖြိုးမိုးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် ကျေးရွာအတွင်းရှိ PLA ကို ကူညီနေသော ပြည်သူများ၏ နေအိမ်အချို့အား ဝင်ရောက် ရှာဖွေခြင်း၊ ပြည်သူများကို ဖမ်းဆီးမေးမြန်းခြင်း၊ ၎င်းတို့ရဲဘော်တစ်ဦး၏ အစ်မဖြစ်သူအား သေနတ်ဖြင့်ခြိမ်းခြောက် ဖမ်းဆီးခေါ်ဆောင်သွားသလို ယခုကဲ့သို့ ဖိအားပေး ခြိမ်းခြောက်၊ အင်အားသုံး ဝင်ရောက်စီးနင်းများအပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်း ဖော်ပြဆိုသည်။
ဓာတ်ပုံ -PLA