ဧရာဝတီတိုင်းမ်
ဇွန် ၂၃ ရက်
လက်ရှိ ဗြိတိန်ဝန်ကြီးချုပ် ကီးရ် စတာမာ ရာထူးမှ နှုတ်ထွက်ကြောင်း ကြေညာလိုက်ပြီးနောက်၊ လန်ဒန်မြို့ ဒေါင်းနင်းလမ်း အမှတ် (၁၀) ဝန်ကြီးချုပ်အိမ်တော်၏ သက်တမ်းအရှည်ဆုံး အမြဲတမ်း နေထိုင်သူ ကြောင်ကြီး လာရီ (Larry) က ၎င်း၏ သက်တမ်းတစ်လျှောက် နောက်ထပ် ဝန်ကြီးချုပ် အသစ်တစ်ဦးကို ကြိုဆိုရန် ထပ်မံစောင့်ဆိုင်းနေရပြီဖြစ်ကြောင်း သတင်းရရှိသည်။
ယူကေ၏ နိုင်ငံကျော် “ကြွက်ဖမ်းအရာရှိချုပ်” ကြောင်ကြီး လာရီသည် ၂၀၁၁ ခုနှစ်ကတည်းက အမှတ် (၁၀) ဒေါင်းနင်းလမ်းရှိ ဝန်ကြီးချုပ် အိမ်တော်၏ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ပြီး ဗြိတိန် နိုင်ငံရေးအလှည့်အပြောင်းမျိုးစုံကြားတွင် ဝန်ကြီးချုပ် ခြောက် ဦးအထိ ဖြတ်သန်းတာဝန်ထမ်း ဆောင်ခဲ့ကြောင်း Firstpost သတင်းတွင် ဖော်ပြထားသည်။

ကြောင်ကြီး လာရီကို လွန်ခဲ့သည့် ၂၀၁၁ ခုနှစ်၊ ဒေးဗစ် ကင်မရွန်း ဝန်ကြီးချုပ်အဖြစ် တာဝန် ထမ်းဆောင်စဉ်က ‘ဘက်တာဆီး ခွေးနှင့် ကြောင်စောင့်ရှောက်ရေးဂေဟာ’ မှတစ်ဆင့် အိမ်တော်သို့ မွေးစားခေါ်ယူခဲ့ခြင်းဖြစ်သည်။
“လာရီဟာ နေ့စဉ်ရက်ဆက် အိမ်တော်ကိုလာတဲ့ ဧည့်သည်တော်တွေကို ကြိုဆိုနှုတ်ဆက်တာ၊ လုံခြုံရေးအခြေအနေတွေကို လိုက်လံစစ်ဆေးတာနဲ့ အိမ်တော်တွင်းရှိ ရှေးဟောင်းပရိဘောဂတွေဟာ တစ်ရေးတစ်မော အိပ်စက်ဖို့ ကောင်းမွန်မှု ရှိ၊ မရှိ ကိုယ်တိုင်စမ်းသပ်တာတို့နဲ့ အချိန်ကုန်လွန်စေ တတ်ပါတယ်။ ဒါ့အပြင် အိမ်တော်တွင်း ကြွက်များကြီးစိုးနေမှုကို ဘယ်လိုဗျူဟာမြောက် ဖြေရှင်းမလဲ ဆိုတဲ့ နေ့စဉ်တွေးတောကြံဆရတဲ့ တာဝန်လည်း သူ့မှာရှိပါတယ်” ဟု ဒေါင်းနင်းလမ်းအိမ်တော်၏ တရားဝင် ဝက်ဘ်ဆိုက်တွင် ၎င်း၏ တာဝန်ဝတ္တရားများကို ဟာသနှော၍ ဖော်ပြထားသည်။

ဗြိတိန်အစိုးရ၏ သစ္စာရှိဝန်ထမ်းကြီး လာရီသည် ၎င်း၏ သက်တမ်းတစ်လျှောက်တွင် ဝန်ကြီးချုပ်များ ဖြစ်ကြသည့် ကင်မရွန်း၊ မေ၊ ဂျွန်ဆင်၊ ထရက်စ်၊ ဆူးနက် နှင့် ယခုနောက်ဆုံး စတာမာ အပါအဝင် ဝန်ကြီးချုပ် ခြောက်ဦးလုံး ရာထူးမှ ထွက်ခွာသွားကြသော်လည်း ၎င်း၏ “ကြွက်ဖမ်းအရာရှိချုပ်” ရာထူးကိုမူ မယိုင်မလဲ ထိန်းသိမ်းထားနိုင်ဆဲဖြစ်ကြောင်း Daily Star သတင်းတွင် ရေးသားထားသည်။
လက်ရှိတွင် အသက် ၁၉ နှစ်အရွယ် ရှိပြီဖြစ်သည့် ကြောင်ကြီး လာရီသည် ဗြိတိန်နိုင်ငံရေးသမားများ တစ်ယောက် ပြီးတစ်ယောက် ဝင်လိုက်ထွက်လိုက် ဖြစ်နေသော်လည်း ဒေါင်းနင်းလမ်းအိမ်တော်၌ ရာထူးသက်တမ်း အရှည်ဆုံးအဖြစ် ခိုင်ခိုင်မာမာ ဆက်လက်တည်ရှိနေသည်။
ဓာတ်ပုံ – Firstpost, Daily Star
ကိုးကား – Firstpost, Daily Star
Ref: Britain’s Real Power Player? Larry the Cat Awaits His Seventh Prime Minister