ဧရာဝတီတိုင်းမ်
ဇွန် ၂၃ ရက်
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်တွင် ရွေးတုအစိုးရစစ်တပ်၏ Mi 17 ထောက်ပို့ရဟတ်ယာဉ်ကို ကာကွဘ်ရေးဝန်ကြီးဌာနနှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့များက ပစ်ချလိုက်နိုင်ကြောင်း သိရသည်။
ယနေ့ ဇွန် ၂၃ ရက်တွင် စစ်ဘက်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပခုက္ကူခရိုင်ပကဖ၊ ပေါက်ပကဖ၊ မြိုင်ပကဖ၊ မင်းဘူးခရိုင်အမှတ် ၄ တပ်ရင်းသင်တန်းသားများ၊ MGY_PDF၊အညာဖိုက်တာLocalတပ်ဖွဲ့၊စကားပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ပကဖအသံ၏ ထုတ်ပြန်ချက်အရ သိရသည်။
“ငှက်ကင်ကိစ္စမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုရျိတယ်လို့ပဲသိထားရသေးတယ်။ အတိအကျတော့နောက်ပိုင်းထုတ်ပြန်ကြလိမ့်မယ်”ဟု မြေပြင်သတင်းရင်းမြစ်နှင့်နီးစပ်သူက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပစ်ချလိုက်သည့် ရဟတ်ယာဉ်ကို တော်လှန်ရေးတပ်ဖွဲ့များက အသေခံဒရုန်းဖြင့်ပါ ထပ်မံတိုက်ခိုက်သည့် အတွက် မီးလောင်ပျက်စီးသွားသည်ကိုလည်း သတင်းရင်းမြစ်အချို့က ဆိုသည်။
လတ်တလောတွင် မကွေးတိုင်းအတွင်း၌ စစ်တပ်က အင်အားအလုံးအရင်းသုံးပြီး နယ်မြေစိုးမိုးမှုရယူနိုင်ရန် ကြိုးစားနေကာ လေကြောင်းမှလည်း လေယာဉ်အုပ်ဖွဲ့ ပျံသန်းပြီး မကွေးအစပ် ချင်းနှင့် ရခိုင်တို့ကို ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်နေခြင်းဖြစ်သည်။
ထို့အပြင် မြစ်ခြေမြို့ကိုလည်း ဒုတိယအကြိမ်မြောက် စစ်ကြောင်းထိုး ဝင်ရောက်နေမှုများရှိနေပြီး ဒေသခံပြည်သူ ၅၀ ကျော်ခန့်ကို မတရားညှဉ်းပန်းသတ်ဖြတ်မှုများ ပြုလုပ်လျက်ရှိသည်။