ဧရာဝတီတိုင်းမ်
မန္တလေး၊ ဇွန် ၂၃ ရက်

 

မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ ဓနုံးကျေးရွာအုပ်စုတွင် ရွေးတုအစိုးရခန့် ကျေးရွာအုပ်ချုပ်ရေးမှူးက စစ်မှုထမ်းကို အကြောင်းပြကာ ဒေသခံများထံမှ ငွေညှစ်ခြင်း၊ လူငယ်များကို ဖမ်းဆီးရောင်းစားခြင်းများ ပြုလုပ်ကာ လူပွဲစားသဖွယ် ကိုယ်ကျိုးရှာ နေကြောင်း ဒေသခံများထံမှ သိရသည်။

 

ပြည်ခိုင်ဖြိုးပါတီ အမာခံတစ်ဦးဖြစ်သူ အုပ်ချုပ်ရေးမှူး ဦးကျော်မြတ်ခိုင်သည် လက်ရှိတွင် ဓနုံးကျေးရွာနှင့် ယာဉ်တော်စံကျေးရွာတို့ကို ချုပ်ကိုင်ထားပြီး၊ စစ်မှုထမ်းဆင့်ခေါ်ရေး လုပ်ငန်းစဉ်များမှတစ်ဆင့် လူပွဲစားလုပ်ကာ ကားအမျိုးမျိုး ပြောင်းလဲစီးနိုင်သည်အထိ သိသိသာသာ ချမ်းသာကြွယ်ဝလာခဲ့ကြောင်း ရွာသားများက ပြောဆိုသည်။

“ပိုက်ဆံတတ်နိုင်တဲ့ မိသားစုတွေကတော့ ငွေကျပ် သိန်း ၂၀ ကနေ သိန်း ၁၂၀ အထိ ပေးပြီး လိုက်ရွေးကြရတယ်။ မတတ်နိုင်တဲ့သူတွေကျတော့ စစ်တပ်ထဲ အထည့်ခံရပြီး၊ တချို့လူငယ်တွေဆိုရင် ရောင်းစားတာအထိ ခံနေရတယ်” ဟု ဓနုံးကျေးရွာအုပ်စုတွင်နေထိုင်သည့် ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

ထို့အပြင် ဒေသခံများက မိမိတို့ပိုင် မြေကွက်ပေါ်တွင် အိမ်ဆောက်လုပ်သူများထံမှလည်း အိမ်အခြေအနေအပေါ် မူတည်၍ ငွေကျပ် နှစ် သိန်းမှ ငါး သိန်းအထိ အဓမ္မ အခွန်ကောက်ခံနေသဖြင့် ဒေသခံများ အခက်တွေ့နေကြောင်း ပြောဆိုသည်။

 

အုပ်ချုပ်ရေးမှူး ဦးကျော်မြတ်ခိုင်သည် ၎င်း၏ တပည့်များဖြစ်သည့် လူမိုက်များကို ပျူစောထီး၊ ပြည်သူ့စစ် အဖွဲ့အဖြစ် ဖွဲ့စည်းကာ ဧည့်စာရင်းစစ်ဆေးခြင်းကို ပြုလုပ်ခိုင်းပြီး ကျေးရွာအတွင်းရှိ လူငယ်များကို အဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးခြင်းများ ပြုလုပ်နေခြင်းဖြစ်သည်။

 

လက်ရှိတွင် ဓနုံးအုပ်စုအတွင်း အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲ ပြုလုပ်ရန် ပြင်ဆင်နေပြီး ဦးကျော်မြတ်ခိုင်သည် ၎င်း၏ ပျူစောထီးအဖွဲ့များက ပြည်သူများကို ခြိမ်းခြောက်ကာ မဲဆွယ်စည်းရုံးမှုများ ပြုလုပ်နေပြီး အုပ်ချုပ်ရေးမှူးပြန်ဖြစ်မည်ကို ဒ စိုးရိမ်နေကြောင်း ဒေသခံများကပြောသည်။

 

ဓာတ်ပုံ-ပေးပို့
ပုံစာ-ဓနုံးကျေးရွာအုပ်စု ရွေးတုအစိုးရခန့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်မြတ်ခိုင်