ဧရာဝတီတိုင်းမ်
ဇွန် ၂၂ ရက်
ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်ရှိ အောင်မင်္ဂ လာ အဝေးပြေးယာဉ်ရပ်နားစခန်းအတွင်း ခရီးသွားပြည်သူများကို ခြိမ်းခြောက်ခြင်းနှင့် အငှားယာဉ်မောင်းများထံမှ မိုက်ကြေးခွဲ ဆက်ကြေးကောက်ခံခြင်းများ ပြုလုပ်နေသည့် လူခေါ်ပွဲစား လူမိုက်ဂိုဏ်းဝင် ကိုး ဦးကို ဓားရှည်၊ ဓားမြှောင်များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ လူမိုက် ကိုး ဦးကို ဇွန်လ ၁၆ ရက်နေ့မှ ဇွန်လ ၁၉ ရက်နေ့အတွင်း ကွင်းဆက်အ လိုက် လိုက်လံဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ဇွန် ၁၉ ရက်နေ့တွင် ကားဝင်းအတွင်း ခရီး သွားအမျိုး သမီးတစ်ဦးထံမှ လက်ကိုင်ဖုန်းနှင့် ငွေကြေးများကို လုယက်ထွက်ပြေးသွားသည့် သိုက်ထွန်းနှင့် အသေးလေး ဆိုသူနှစ်ဦးကို မင်္ဂလာဒုံ ဇေကမ္ဘာစက်မှုဇုန်အထွက်တွင် ဓား လေး ချောင်းနှင့်အတူ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သည်။
ထို့အပြင် မြောက်ဥက္ကလာပမြို့နယ် ဈေး ပတ်လမ်းထိပ်တွင် လွယ်အိတ်အတွင်း ဓားထည့်သွင်းသယ်ဆောင်လာသည့် လူခေါ်ပွဲစားလူမိုက်တစ်ဦးနှင့် မင်္ဂလာဒုံမြို့နယ်အတွင်းရှိ အခြားလူခေါ်ပွဲစားခြောက်ဦးတို့ကိုလည်း ဓားရှည်၊ ဓားမြှောင်များ ကိုင်ဆောင်ထားလျက် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
“ဇွန် ၁၆ ရက်၊ ၁၈ ရက်နဲ့ ၁၉ ရက်တွေမှာ အဲ့ဒီလူတွေကို ဖမ်းမိတာပါ။ ဖမ်းမိတဲ့အချိန်မှာ တစ်ယောက်ကို ဓားနှစ်ချောင်းလောက်စီ လွယ်အိတ်ထဲထည့်ပြီး လျှောက်သွားနေကြတာ။ ကားဝင်းထဲမှာ ဒီလိုလူမိုက်တွေ အများကြီး ကျန်ပါသေးတယ်” ဟု အောင်မင်္ဂလာဝင်းအတွင်း နေထိုင်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ လူခေါ်ပွဲစားများသည် အဝေးပြေးကားဝင်းအတွင်း အုပ်စုနှင့် ဂိုဏ်းများဖွဲ့ကာ နယ်မြေအပိုင်ခွဲ၍ အငှားယာဉ်မောင်းများကို ခေါင်းပုံဖြတ် ဆက်ကြေးကောက်ခြင်း၊ ခရီး သည်များကို ခြိမ်းခြောက်ကာ ၎င်းတို့သတ် မှတ်ထားသည့် ကားခနှုန်းထားအတိုင်း မ တန်တဆ တောင်းခံခြင်းများကို ပြုလုပ်လေ့ရှိသည်။
လူမိုက်ဂိုဏ်းများသည် ကားဝင်းအတွင်း ထင်သလို ရမ်းကားပြီး အုပ်စုဖွဲ့ရိုက်နှက်ဆဲဆိုမှုများ ပြုလုပ်နိုင်ရန်အတွက် တာဝန်ကျ စစ်တပ်အရာရှိများနှင့် အောက်ခြေတပ်သားအချို့ကို ပုံမှန်လိုင်းကြေးများ ပေးဆောင်ကာ အကာအကွယ်ယူ လုပ်ဆောင်နေကြခြင်းဖြစ်ကြောင်းလည်း ဒေသခံများနှင့် ယာဉ်မောင်းအသိုင်းအဝိုင်းထံမှ စုံစမ်းသိရသည်။