ဧရာဝတီတိုင်းမ်
ဇွန် ၂၂ ရက်
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး အုပ်ချုပ်နယ်မြေ၊ တပ်မဟာ(၃) ဒေသ လယ်ဒိုမြို့နယ်(ကျောက်ကြီး) တွင် စစ်တပ်၏ အတင်းအဓမ္မစစ်မှုထမ်းစုဆောင်းခြင်းခံခဲ့ရသည့် ပြည်သူ့စစ်မှုထမ်းတပ်သား ၁၆ ဦး သည် ကရင်အမျိုးသားအစည်းအရုံး (KNU) ထံ လက်နက်ချအလင်းဝင်ခဲ့ကြောင်း သိရသည်။
ပထမဦးဆုံးအနေဖြင့် ပြီးခဲ့သည့် ဇွန် ၉ ရက်နေ့တွင် ကော့သောင်းအခြေစိုက် ခလရ-၅၉၅ တပ်ရင်းမှ တပ်သား ငါးဦးဖြစ်သည့် မောင်ဝေယံ ၁၈ နှစ်၊ စအိုင်ခန့် ၂၁ နှစ်၊ မောင်နေလင်းထွန်း ၃၀ နှစ်၊ မောင်ကောင်းမင်းသန့် ၂၃ နှစ် နှင့် မောင်သိန်းဇော် ၁၈ နှစ် တို့မှ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။
ထို့နောက် ဇွန်လ ၁၅ ရက်နေ့တွင် ပေါက်ခေါင်းအခြေစိုက် ခမရ-၅၃ တပ်ရင်းမှ မောင်ရဲမင်းသူ(၂၃ နှစ်)၊ မောင်သိန်းဇော် ၄၁ နှစ်၊ အောင်သူရသွေး ၂၁ နှစ်၊ မောင်အောင်သိန်း၃၀ နှစ်၊ ကျော်ကျော်နိုင် ၃၃ နှစ်၊ အေးလင်းနောင် ၂၁ နှစ်၊ ဇော်မျိုးပိုင်၂၈ နှစ်၊ သိန်းအောင်၃၇ နှစ်၊ စည်သူ၂၈ နှစ်၊ ထွန်းထွန်းဦး ၃၅ နှစ် နှင့် ကျော်ကျော်မျိုး၂၀ နှစ် တို့ ထပ်မံ၍ လက်နက်ချအလင်းဝင်ရောက်ခဲ့ခြင်းဖြစ်သည်။
KNDO ထံ ဘက်ပြောင်းခိုလှုံလာကြသည့် အဆိုပါ ပြည်သူ့စစ်မှုထမ်းတပ်သားများသည် ၎င်းတို့၏ ဆန္ဒမပါဘဲ စစ်တပ်က စစ်မှုထမ်းဥပဒေဖြင့် အဓမ္မတပ်သားသစ်စုဆောင်းခြင်း ခံရသူများဖြစ်ကာ ရှေ့တန်းစစ်မြေပြင်များသို့ ပို့ဆောင်ခံရသူများ ဖြစ်ကြောင်း KNU ကထုတ်ပြန်ထားသည်။
ထို့ပြင် ကရင်အမျိုးသားအစည်းအရုံးကလည်း အာဏာသိမ်းစစ်တပ်အတွင်း၌ ၎င်းတို့ဆန္ဒမပါဘဲ အတင်းအဓမ္မစေခိုင်းခံနေရသည့် တပ်သားများအနေဖြင့် နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့များထံ အမြန်ဆုံး အလင်းဝင်ရောက်ကြရန်လည်း တိုက်တွန်းပြောဆိုထားသည်။
ဓာတ်ပုံ – KNU