ဧရာဝတီတိုင်းမ်
ဇွန် ၂၂ ရက်
စစ်တပ်အာဏာသိမ်းမှုကြောင့် သခင်ဖြစ်သူနှင့် ဝေးကွာခဲ့ရသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်၏ အချစ်တော်ခွေးလေး တိုက်ချီတိုသည် သခင်ပြန်လာမည့်ရက်ကိုစောင့်ရင်း တက္ကသိုလ် ရိပ်သာလမ်း ခြံအမှတ် (၅၄) ၌ သေဆုံးသွားခဲ့ပြီ ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ အချစ်တော်ခွေးလေး တိုက်ချီတိုသည် ပြီးခဲ့သည့် ဇွန် ၂၁ ရက် ည ၇ နာရီကျော်က သေဆုံးသွားခြင်းဖြစ်ပြီး၊ သေဆုံးချိန်တွင် အသက် ၁၆ နှစ်အရွယ် ရှိပြီဖြစ်ကြောင်း သိရသည်။

“တိုက်ချီတိုက မေမေနဲ့ ခွဲခွာခဲ့ရခါနီး ခက်ခဲလွန်းတဲ့အချိန်မှာ ကျွန်တော် မေမေ့လက်ထဲ ထည့်ပေးနိုင်ခဲ့တဲ့ မေတ္တာတစ်စိတ်တစ်ပိုင်းပါ။ သူလည်း ကျွန်တော့်လိုပဲ မေမေကို ဆုံးရှုံးခဲ့ရပြီး ဘယ်ခေါ်သွားမှန်းမသိဘဲ စောင့်နေခဲ့တာ။ နောက်ဆုံးတစ်ခေါက်တောင် ပြန်မတွေ့လိုက်ရဘူးဆိုတာ တွေးမိရင် သိပ်နာကျင် ရပါတယ်။ ကျွန်တော်လည်း အခုထိ စောင့်နေတုန်းပါပဲ။ မေမေ အသက်ရှင်နေတယ်ဆိုရင် မိသားစုကို တွေ့ခွင့်ပေးပါ။ မေမေကို လွတ်မြောက်ခွင့်ပေးပါ” ဟု ခွေးလေးတိုက်ချီတိုနှင့် ပတ်သက်၍ ဒေါ်အောင် ဆန်းစုကြည်၏ သားဖြစ်သူ ကိုထိန်လင်းက ၎င်း၏လူမှုကွန်ရက်တွင် တောင်းဆိုထားသည်။
လွန်ခဲ့သည့် ၂၀၁၀ ပြည့်နှစ် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာစဉ် သားဖြစ်သူ ကိုထိန်လင်း (ကင်အဲရစ်) က မိခင်ဖြစ်သူ အဖော်ရစေရန်အတွက် သုံးလသားအရွယ် ခွေးကလေး တိုက်ချီတိုကို မေတ္တာသက်သေအဖြစ် ပေးအပ်ခဲ့ခြင်းဖြစ်သည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းစဉ် စစ်တပ်က ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးခဲ့သော်လည်း အိမ်တော်ထိန်းများ အပါအဝင် လူ ရှစ် ဦးနှင့် တိုက်ချီတိုကို နေပြည်တော်ရှိ လျှို့ဝှက်ချုပ်နှောင် ထားသည့်နေရာ၌ ၂၀၂၂ ခုနှစ် ဇွန်လအထိ အတူထားရှိခဲ့သည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အုပ်စုက နေပြည်တော်အချုပ်ထောင်သို့ ပြောင်းရွှေ့လိုက်သည့် ၂၀၂၂ ခုနှစ် ဇွန်လ ၂၂ ရက်နေ့သည် တိုက်ချီတိုနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နောက်ဆုံးတွေ့ဆုံခွင့်ရခဲ့သည့် နေ့ဖြစ်ပြီး ယနေ့ဆိုလျှင် ခွဲခွာခြင်း ၄ နှစ်တိတိပြည့်မြောက်ရန် ၁ ရက်အလိုတွင်မှ ခွေးလေး တိုက်ချီတို သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။
နောက်ဆုံးနှစ်များတွင် မျက်လုံးနှစ်ဖက်လုံး တိမ်စွဲပြီး မမြင်ရတော့သည့် တိုက်ချီတိုသည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်တွင် ရှိစဉ်က အမြဲဒွန်တွဲနေ လေ့ရှိပြီး ပြည်သူများအကြား “တိုက်ချီတိုတို့ ရေကစားမဏ္ဍပ်” အထိ လူထုကြား ရေပန်းစားခဲ့သည်။
တိုက်ချီတိုကို နောက်ဆုံးသက်တမ်းကုန်သည်အထိ နေထိုင်သွားခဲ့သည့် ခြံအမှတ် (၅၄) အတွင်းရှိ ခြံထောင့်တစ်နေရာ တွင် မြေမြှုပ်သင်္ဂြိုဟ်ခဲ့ပြီး သခင်အပေါ် သစ္စာရှိလှသည့် လူထုခေါင်းဆောင်၏ အချစ်တော်ခွေးလေး သေဆုံးမှုအပေါ် ပြည်သူများနှင့် စစ်အုပ်စုကို တော်လှန်နေသူများက ဝမ်းနည်းကြောင်း ဖော်ပြလျက်ရှိသည်။
ဓာတ်ပုံ-လူမှုကွန်ရက်။