ဧရာဝတီတိုင်းမ်
ဇွန် ၂၂ ရက်
ရန်ကုန် – မန္တလေးအမြန်လမ်း ရန်ကုန်သို့အပြန်လမ်းပေါ်ရှိ မိုင်တိုင် ၁၁၇/၇ ဖာလုံတွင် ယနေ့ ဇွန် ၂၂ ရက်နေ့က အဝေးပြေးယာဉ်နှစ်စီး တိုက်မှုဖြစ်ပွားခဲ့ရာ အမျိုးသား သုံး ဦး သေဆုံးပြီး ယာဉ်တိုက်မှုကြောင့် အဝေးပြေးလမ်းပေါ်တွင် ၂ မိုင်ခန့် ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယနေ့ ဇွန်လ ၂၂ ရက် မနက် ၃ နာရီခန့်တွင် အမြန်လမ်းမိုင်တိုင် ၁၁၇/၇ ဖာလုံ၌ “ရတနာဖြိုး” Express အဝေးပြေးယာဉ်ကို “ရွှေမန္တလာ” Express အဝေးပြေးယာဉ်က အနောက်မှ ဝင်ရောက်တိုက်မိခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါရှိသူ အမျိုးသား ခြောက် ဦးနှင့် ကိုရင် တစ် ဦးအနက် အမျိုးသား သုံး ဦးမှာ နေရာတွင်ပင် သေဆုံးသွားခဲ့ပြီး ကျန်ရှိသည့် အမျိုးသား သုံးဦးနှင့် ကိုရင်တစ်ပါး ဒဏ်ရာရရှိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ယင်းယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် တောင်ကြီး၊ ပြင်ဦးလွင်၊ မန္တလေး အပါအဝင် မြို့အသီးသီးမှ ထွက်ခွာလာသော အဝေးပြေးယာဉ်လိုင်းများသည် မိုင်တိုင် ၁၁၇/၇ ဖာလုံမှ ၁၁၉/၀ မိုင်အထိ ၂ မိုင်ခန့် ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပွားကာ လမ်းပေါ်တွင် တန်းစီစောင့်ဆိုင်းခဲ့ရကြောင်း သိရသည်။
“အဲဒီ ရွှေမန္တလာနဲ့ ရတနာဖြိုးကားတွေက ခဏခဏတိုက်တယ်။ အရမ်းမောင်းကြတာ။ သူတို့က အခြားလိုင်းတွေကို လိုက်ပြိုင်မောင်းတာတွေလုပ်တယ်။ အရှိန်မထိန်းလို့ တိုက်တာများတယ်” ဟု အဝေးပြေးမော်တော်ယာဉ်မောင်းတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ရန်ကုန် – မန္တလေးအမြန်လမ်းပေါ်တွင် ယာဉ်ကြောအလွန်အမင်း ပိတ်ဆို့မှုကြောင့် အချို့အဝေးပြေး ယာဉ်လိုင်းများသည် ယာဉ်ကိုနောက်ပြန်ဆုတ်ကာ အသွားလမ်းပေါ်သို့တက်၍ လမ်းကြောင်းပြောင်းပြန် မောင်းနှင်ခဲ့ရသည့် အခြေအနေများအထိ ရှိခဲ့ကြောင်း သိရသည်။
“မိုးရွာလိုက်တိတ်လိုက်နဲ့ဆိုတော့ လမ်းတွေက ချောနေတာ။ အဲဒီကားတိုက်မှုမဖြစ်ခင် မိုင် ၂၀၀ ကျော်နားမှာထင်တယ်။ ကားလေးတစ်စီး စလစ် (Slip) ဖြစ်ပြီးတော့ ကန့်လန့်ကြီးဖြစ်နေတာကို နောက် ကားတစ်စီးက ဝင်တိုက်မိသွားသေးတယ်။ အတိုက်ခံရတဲ့ ကားလေးဘော်ဒီ နည်းနည်းချိုင့် သွားတယ်” ဟု နေပြည်တော် အမြန်လမ်း အခြေအနေနှင့်ပတ်သက်၍ အဝေးပြေး ခရီးသည်တစ်ဦး ကလည်း ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်အတွင်း အမြန်လမ်းပေါ်၌ ယာဉ်တိုက်မှုပေါင်း ၁၆၀ ကျော် ဖြစ်ပွားခဲ့ပြီး၊ သေဆုံးသူ ၅၀ ဦးနှင့် ဒဏ်ရာရရှိသူ ၁၉၂ ဦးအထိ ရှိခဲ့ကြောင်း ရွေးတုအစိုးရလက်အောက်ခံ ကုန်းလမ်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – MFS