‎‎ဧရာဝတီတိုင်းမ်
‎ဇွန် ၂၂ရက်

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ် ဘိုးတော်ချောင်းဖျားဒေသတွင် တပ်ဖြန့်ထားသည့် ရွေးတုအစိုးရ စစ်တပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား တိုက်ပွဲများ ပြင်းထန်နေပြီး၊ စစ်တပ်ဘက်မှ စခန်းကုန်းများ ဆက်တိုက် လက်လွှတ်နေရကြောင်း သိရသည်။

‎ရေကြည်မြို့နယ်ရှိ စစ်ကောင်စီတပ်၏ “၁၈၈ တောင်ကုန်းစခန်း” ကို ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်နေ့တွင် AA က အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပြီး၊ စခန်းအတွင်းမှ ရေဒီယိုလှိုင်းနှောင့်ယှက်ဖျက်ဆီးသည့် ဂျမ်မာ (Jammer) စက်၊ စတားလင့် (Starlink) အင်တာနက်စက်များနှင့် လက်နက်၊ ခဲယမ်းအမြောက် အမြားကိုပါ သိမ်းဆည်းရမိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

“တောင်ကုန်းစခန်းသိမ်းပြီး နောက်ထပ်တစ်ကုန်းသိမ်းဖို့ AA က ထိုးစစ်ဆင်နေတယ်။ စက်ဒေါင့်ကြီးကို တာပေါ်လင်အုပ်ထားတဲ့ ခဲယမ်းကား ၃ စီးလည်း ဝင်တယ်။ ၃၄၄ တပ်ရင်းက ပြန်ဆင်းလာတာလို့လည်း ပြောတယ်” ဟု သတင်းရင်းမြစ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ အထိနာထွက်ပြေးမှုများရှိနေပြီး ဒဏ်ရာပြင်းထန်သည့် တပ်ဖွဲ့ဝင် ခုနစ် ဦးကို ပုသိမ်ဘက်သို့ သယ်ယူသွားသည်။ ကစဉ့်ကလျားဆုတ်ပြေးသည့်တပ်များမှာ တိုက်ပွဲနေရာသို့ ပြန်လွှတ်၍ မရသည့်အတွက် စစ်တပ် အရာရှိများကိုယ်တိုင်ဆင်းလာကာ ခြိမ်းခြောက်မှုရှိနေကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

လက်ရှိတွင် ရွှေရင်မျှော်ကုန်းမှနေ၍ ဆက်တိုက်စစ်ကြောင်းထိုး တပ်ဖြန့်နေသည့် ဝါးတောကွင်းနှင့် ၃ မိုင်ခန့်အကွာတွင် တိုက်ပွဲများ ပြင်းထန်နေခြင်းဖြစ်ပြီး၊ စစ်ကောင်စီဘက်က သာပေါင်းနယ်မြေအဆုံးရှိ ဘုရားကြီးရွာသို့ လက်နက်၊ ခဲယမ်းနှင့် အင်အား ၇၀ ခန့် ထပ်မံဖြည့်တင်းလာကြောင်း သိရသည်။

ထို့ပြင် သာပေါင်းမြို့နယ်ရှိ လက်နက်ကြီးချထားသည့် စခန်းများမှလည်း တိုက်ပွဲဖြစ်ပွားရာနေရာများသို့ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ကူပေးနေပြီး၊ လူအင်အားနှင့် ခဲယမ်းများကိုလည်း စက်ဒေါင့်ကြီး ကျေးရွာမှတစ်ဆင့် သယ်ယူပို့ဆောင်နေကြောင်း သိရသည်။

မိုးတွင်းကာလဖြစ်သည့်အတွက် ဝါးတောကွင်းနှင့် ဘိုးတော်ကမ္ဘားကြီးဒေသတို့တွင် ရွေးတူအစိုးရ စစ်တပ်က လိုင်းစက်လှေများကို အသုံးပြုကာ စက်ဒေါင့်ကြီး၊ ဘုရားကုန်းတို့နှင့် ချိတ်ဆက်လျက်ရှိပြီး ရေလမ်းကြောင်း ထောက်ပို့ကို အဓိကအားပြုနေကြောင်း သိရသည်။

ဓာတ်ပုံ – AA Info Desk (ပုံဟောင်း)