ဧရာဝတီတိုင်းမ်
ဇွန် ၂၂ ရက်
ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်သို့ ဦးတည်မောင်းနှင်လာပြီး တရားမဝင်နိုင်ငံခြားသားများကို တင်ဆောင်လာသည့် ဗန်ကားတစ်စီးကို ထိုင်းရဲတပ်ဖွဲ့က ကြားဖြတ်ဖမ်းဆီးခဲ့ရာ မြန်မာနိုင်ငံသား ယာဉ်မောင်းတစ်ဦးနှင့်အတူ နိုင်ငံခြားသား ၉ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းမီဒီယာများထံမှ သိရသည်။
ကားပေါ်တွင် ပါလာသည့် နိုင်ဂျီးရီးယားနိုင်ငံသားတစ်ဦးက ဒူဘိုင်းရှိ ၎င်း၏သူငယ်ချင်းဖြစ်သူထံသို့ အွန်လိုင်းမှတစ်ဆင့် အကူအညီတောင်းခံခဲ့ရာ အဆိုပါ ဒူဘိုင်းရှိသူက ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်နေ့တွင် ထိုင်းရဲတပ်ဖွဲ့ထံ လှမ်းမံအကြောင်းကြားခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့က လိုက်လံစုံစမ်းကာ ဇွန်လ ၂၁ ရက်နေ့တွင် ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။

ထိုင်းရဲတပ်ဖွဲ့က အဆိုပါ ဗန်ကားကို တားဆီးစစ်ဆေးခဲ့ရာ အသက် ၃၁ နှစ်အရွယ် မြန်မာနိုင်ငံသား သန်းဇော်ထွန်း ဆိုသူမောင်းနှင်လာပြီး၊ ကားအတွင်း၌ နိုင်ဂျီးရီးယားနိုင်ငံသား လေး ဦး၊ အိန္ဒိယနိုင်ငံသား နှစ် ဦး၊ ကင်မရွန်းနိုင်ငံသား တစ် ဦး၊ ယူဂန်ဒါနိုင်ငံသား တစ် ဦးနှင့် ဗီယက်နမ်နိုင်ငံသား တစ် ဦးတို့ကို တင်ဆောင်လာကြောင်း သိရသည်။
ဖမ်းဆီးရမိသည့် နိုင်ငံခြားသားအချို့မှာ ခရီးသွားလာခွင့် တရားဝင်စာရွက်စာတမ်းများ မပါဘဲ နယ်စပ်ဂိတ်များမှတစ်ဆင့် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာကြသူများ ဖြစ်ကြောင်း လည်း သိရသည်။
စစ်ဆေးချက်များအရ မြန်မာနိုင်ငံသား ယာဉ်မောင်းဖြစ်သူက ၎င်းနိုင်ငံခြားသားများကို မြန်မာနိုင်ငံ အတွင်းရှိ အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) ဂိုဏ်းများသို့ ပို့ဆောင်ရန်အတွက် ၎င်းအနေဖြင့် “ကိုရဲ” ဟုခေါ်သည့် Telegram အကောင့်ပိုင်ရှင်၏ စေခိုင်းချက်အရ တာ့ခ်ခရိုင်နယ်စပ်သို့ ပို့ဆောင်ပေးရခြင်းဖြစ်ကာ ပို့ဆောင်ခအဖြစ် တစ်ဦးလျှင် ဘတ်ငွေ ၂,၀၀၀ စီ ရရှိခဲ့ကြောင်း ဝန်ခံခဲ့သည်။
လက်ရှိတွင် ဖမ်းဆီးရမိသည့် နိုင်ငံခြားသားကိုး ဦးကို ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်မှု၊ နေထိုင်မှုများဖြင့် အရေးယူထားပြီး ယာဉ်မောင်းကိုမူ တရားမဝင် ဝင်ရောက်လာသူများကို ကူညီခြင်း၊ ဖုံးကွယ်ပေးထားခြင်းနှင့် သယ်ယူပို့ဆောင်ပေးခြင်းတို့ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ကိုးကား – Bangkok Post