‎ဧရာဝတီတိုင်းမ်
‎ဇွန် ၂၂ရက်

‎ကချင်ပြည်နယ်၊ ရွှေကူမြို့တွင် လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံများ ဆူညံစွာထွက်ပေါ်နေပြီး ရွေးတုအစိုးရစစ်တပ်ဘက်မှ လေကြောင်းအသုံးပြုမှုများ ရှိနေကြောင်း ဒေသတွင်းသတင်း ရင်းမြစ် များထံမှ သိရသည်။

‎ယနေ့ ဇွန် ၂၂ ရက် နံနက်ပိုင်းမှစတင်ကာ ရွှေကူမြို့၊ အထက် ၄ လမ်းဆုံအထွက်ဘက်တွင် လက်နက်ကြီး၊ လက်နက်ငယ်ပစ်သံများ ဆူညံနေပြီး လေယာဉ်များဖြင့်ပါ တိုက်ခိုက်မှုရှိကြောင်း သိရသည်။

‎”လေယာဉ်က Y12နေ့တိုင်းလာတယ်။ ဒေသခံတွေက ဘယ်နေရာကြဲလဲ အစုလိုက်ထွက်ကြည့်ကြ တာခက်တယ်။ လူစုစုမြင်သွားရင် ဗုံးကြဲခံရမှာ စိတ်ပူရတယ်” ဟု ဒေသခံသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် ရွှေကူမြို့ရှိ ပင်စင်ကုန်းဘုန်းကြီးကျောင်းရှေ့ ခြံကွက်လပ်အတွင်းသို့ လက်နက်ကြီး ကျည်တစ်လုံး ကျရောက် ပေါက်ကွဲခဲ့ပြီး အရပ်သား ပြည်သူတစ်ဦး သေဆုံးသွားခဲ့ကြောင်း ယနေ့ မွန်းလွဲပိုင်း အထိ သတင်းပေးပို့ချက်များအရ သိရသည်။

ရွှေကူမြို့နယ်အတွင်း စစ်ရေးတင်းမာမှုများအပြင် သဘာဝဘေးအန္တရာယ်ကိုလည်း ရင်ဆိုင်နေရသည်။ လက်ရှိတွင် မိုးနေ့စဉ်ရက်ဆက် အဆက်မပြတ် ရွာသွန်းနေမှုကြောင့် ဧရာဝတီမြစ်ရေမှာလည်း သိသိ သာသာ အလွန်အမင်း မြင့်တက်လျက်ရှိကြောင်း ဒေသခံများက ဆိုသည်။

‎လက်ရှိ ရွှေကူမြို့တွင် တိုက်ပွဲပြင်းထန်လာနိုင်သည့် အခြေအနေ၊ လေကြောင်းရန်နှင့် မြစ်ရေကြီးမှု ဘေးအန္တရာယ်များကြောင့် ဒေသခံပြည်သူများအကြား စိုးရိမ်ပူပန်မှုများ မြင့်တက်လျက်ရှိကြောင်း သိရသည်။

‎ရွှေကူမြို့အနီးတိုက်ပွဲများ နေ့စဉ်ရှိနေပြီး တော်လှန်ရွာနှင့် ငါးဘတ်ကြီးရွာများကို စစ်တပ်က နေရာဝင်ယူထားသည်ဟုလည်း ဒေသခံများ၏ပြောဆိုချက်အရ သိရသည်။ တိုက်ပွဲပြင်းထန် သည်နှင့်အမျှ စစ်ဘက်နှင့်ရဲဘက်မှ တပ်ဖွဲ့ဝင်များ အစုလိုက်ထွက်ပြေးလျက်ရှိသည်။

‎ထို့အပြင် ရွှေကူမှ ဗန်းမော်သို့ဦးတည်စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းတစ်ခု ရှေ့ဆက် မတိုးနိုင်ဘဲ တန့်နေကြောင်းသိရသည်။