ဧရာ၀တီတိုင်းမ်
ဇွန် ၂၂ ရက်
ဒီကနေ့ညပိုင်း ယှဥ်ပြိုင်ကစားတဲ့ ၂၀၂၆ ကမ္ဘာ့ဖလားအုပ်စု (J) ဒုတိယပွဲစဥ်မှာ အာဂျင်တီးနားဟာ စူပါစတား မက်ဆီရဲ့သွင်းဂိုး ၂ ဂိုးနဲ့ သြစတြီးယားကို အနိုင်ရရှိခဲ့ပြီး နောက်တဆင့်ကို တက်ရောက်သွားခဲ့ပါတယ်။
ပွဲချိန် ၉ မိနစ်မှာ အာဏျင်တီးနားပယ်နယ်တီရရှိခဲ့ပြီး မက်ဆီကန်သွင်းရာမှာ အုံသြဖွယ်ရာ လွဲချော်ခဲ့ပါတယ်။ ပွဲချိန် ၃၈ မိနစ်မှာ မက်ဆီကပဲ ပထမဦးဆောင်ဂိုးသွင်းယူပြီး ပယ်နယ်တီလွဲချော်ခဲ့မှုကို ချေဖျက်ခဲ့ပါတယ်။

ဦးဆောင်ဂိုးပေးလိုက်ရတဲ့ သြစတြီးယားဟာ အာဂျင်တီးနားဘက်ကို အမြင့်ဘော၊ ခေါင်းတိုက်ဘောတွေ အားပြုပြီး ဖိအားပေးကာ ချေပဂိုးရဖို့ကြိုးစားခဲ့လို့ ဒုတိယပိုင်းမှာ ပွဲကပိုမိုအကြိတ်အနယ်ရှိခဲ့ပါတယ်။
ချေပဂိုးမပေးရရေး ခံစစ်အားပြုကစားနေတဲ့အာဂျင်တီးနားဟာ ပွဲချိန် ၉၀ မိနစ်မှာ တန်ပြန်တိုက်စစ်ကတဆင့် ရရှိလာတဲ့အခွင့်အရေးကို မက်ဆီက ခက်ခက်ခဲခဲ ၂ ဆင့်ကန်သွင်းပြီး အနိုင်သေချာစေမယ့် ဒုတိယဂိုးကို သွင်းယူပေးခဲ့ပါတယ်။
ဂန္ထဝင်ကစားသမား မက်ဆီဟာ လက်ရှိ ၂၀၂၆ ကမ္ဘာ့ဖလားမှာ ၂ ပွဲကစား ၅ ဂိုးသွင်းယူကာ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေပါတယ်။
ဒီကနေ့နိုင်ပွဲ အနိုင်ရလဒ်ကြောင့် အာဂျင်တီးနားဟာ ရှုံးထွက် ၃၂ သင်းအဆင့်ကို တိုက်ရိုက်တက်ရောက်နိုင်ခဲ့ပြီး သြစတြီးယားကတော့ နောက်တဆင့်တက်ရေး အယ်ဂျီးရီးယားနဲ့ ဆက်လက်ယှဥ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။