(ကျန်းမာရေးအသိပညာပေးဆောင်းပါး)
ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာဝတီတိုင်းမ်၊ ဇွန် ၂၁ ရက်)
ကျွန်တော်တို့ ခန္ဓာကိုယ်ထဲမှာ ဒဏ်ရာတစ်ခုခုရလို့ သွေးထွက်တဲ့အခါ သွေးတိတ်သွားအောင် ပြုလုပ် ပေးဖို့အတွက် “သွေးခဲစေတဲ့စနစ်” ဆိုတာ ရှိပါတယ်။ ဒါပေမယ့် အသက်အရွယ်ရလာတာ၊ သွေးကြော ကျဉ်းတာနဲ့ ရောဂါအခံတစ်ခုခုကြောင့် သွေးကြောထဲမှာ အလိုအလျောက် သွေးခဲပိတ်ဆို့မှု ဖြစ်လာ ရင်တော့ အသက်အန္တရာယ် ရှိလာနိုင်ပါတယ်။
ဒီလို သွေးခဲပိတ်ဆို့မှုတွေကို ကြိုတင်ကာကွယ်ပေးတဲ့ ဆေးဝါးတွေကို “သွေးကျဲဆေး” လို့ အလွယ် ခေါ်ကြပြီး အဓိကအားဖြင့် အမျိုးအစား ၂ မျိုး ခွဲခြားထားပါတယ်။
၁။ သွေးဥမွှားတားဆေး (Antiplatelets)
ဒါကတော့ သွေးထဲမှာပါတဲ့ သွေးဥမွှား (Platelets) လေးတွေဟာ တစ်ခုနဲ့တစ်ခု ပူးကပ်ပြီး သွေးခဲဖတ် ဖြစ်မလာအောင် တားဆီးပေးတဲ့ ဆေးအမျိုးအစား ဖြစ်ပါတယ်။
Aspirin (အက်စပရင်)
လူသိအများဆုံးနဲ့ အလွယ်အရနိုင်ဆုံးသွေးကျဲဆေး ဖြစ်ပါတယ်။ အက်စပရင် အကိုက်အခဲပျောက်ဆေး ကို ပမာဏ လျှော့ချပေးပြီးကုသတဲ့အခါ (Low dose aspirin) သွေးကျဲစေတဲ့ အာနိသင် ရှိသွားတာကြောင့် သိပ်ကို အသုံးများကြပါတယ်။
Clopidogrel (ကလိုပီဒိုဂျရဲလ်)
သွေးကျဲအာနိသင် ပိုမိုထိရောက်စေဖို့အတွက် ဒီဆေးကို သုံးကြပါတယ်။ Aspirin ရဲ့ အစားထိုး ဆေးအဖြစ် ပေးလေ့ရှိသလို ရောဂါအခြေအနေအရ Aspirin နဲ့ Clopidogrel ဆေး ၂ မျိုးလုံးကို တွဲပြီး ပေးတာမျိုးလည်း ရှိပါတယ်။
Ticagrelor (တီကာဂရီလို)
ဒါကတော့ ပိုပြီးပြင်းထန်တဲ့ နှလုံးသွေးကြောပိတ်ရောဂါ ဝေဒနာရှင်တွေမှာ အသုံးပြုပါတယ်။
ဒီဆေးတွေကို သွေးကြောအတွင်း သွေးခဲပိတ်ဆို့မှုကြောင့် ဖြစ်လာနိုင်တဲ့ ရောဂါတွေကို ကြိုတင် ကာကွယ်ဖို့ (Prevention) နဲ့ တစ်ခါဖြစ်ဖူးပြီးသား လူနာတွေမှာပါ ရောဂါထပ်မဖြစ်အောင် (Secondary Prevention) အတွက် ဆရာဝန်တွေက ညွှန်ကြားချက်အတိုင်း သောက်ခိုင်းရခြင်း ဖြစ်ပါတယ်။
ဘယ်လိုရောဂါတွေမှာ သုံးလဲဆိုရင်
-နှလုံးသွေးကြောကျဉ်း / နှလုံးသွေးကြောပိတ်ရောဂါ (Heart Attack) လူနာတွေ နှလုံးသွေးကြောထဲ သွေးခဲပိတ်ပြီး ရုတ်တရက် အသက်အန္တရာယ် မဖြစ်စေဖို့၊
-ဦးနှောက်သွေးကြောပိတ်ပြီး လေဖြတ်ခြင်း (Ischemic Stroke) ဦးနှောက်သွေးကြောထဲ သွေးခဲပိတ်ဆို့တာကြောင့် လေဖြတ်တာမျိုး မဖြစ်အောင် ကာကွယ်ဖို့၊
-သွေးကြောထဲ စတန့် (Stent) ချဲ့ထားသူတွေမှာ နှလုံးသွေးကြောချဲ့ထားတဲ့ ပိုက်ထဲမှာ သွေးခဲပြန်မပိတ်စေဖို့၊
-ခြေလက် သွေးကြောကျဉ်းရောဂါ (Peripheral Artery Disease – PAD) တွေမှာ သုံးစွဲကြပါတယ်။
သွေးကျဲဆေးသောက်သုံးခြင်းရဲ့ကောင်းကျိုးနဲ့ ဆိုးကျိုးများ
ကောင်းကျိုးအနေနဲ့ကတော့ နှလုံးသွေးကြောပိတ်တာနဲ့ ဦးနှောက်သွေးကြောပိတ်ပြီး လေဖြတ်တာတွေ ကြောင့် ရုတ်တရက် အသက်ဆုံးရှုံးရနိုင်ခြေကို အများကြီး လျှော့ချပေးပါတယ်။
ဒါပေမယ့် သွေးကျဲဆေးမှာ ဆိုးကျိုးတွေလည်း ယှဉ်တွဲနေပါတယ်။ အဓိက ဆိုးကျိုးက သွေးထွက် လွယ်တာပါ။ သွားဖုံးသွေးယိုတာ၊ နှာခေါင်းသွေးလျှံတာ၊ ခိုက်မိရင် သွေးတိတ်ဖို့ ခက်ခဲတာမျိုး ဖြစ်တတ်ပါတယ်။ အထူးသဖြင့် Aspirin ဟာ ရေရှည်သောက်ရင် အစာအိမ်နံရံကို ထိခိုက်စေပြီး အစာအိမ်နာတာ၊ အစာအိမ်သွေးယိုစိမ့်တာ (ဝမ်းမည်းမည်းသွားတာ) မျိုးတွေ ဖြစ်စေနိုင်ပါတယ်။
၂။ သွေးခဲတားဆီးဆေး (Anticoagulants)
သွေးဥမွှားတွေကို တားဆီးတဲ့ သွေးဥမွှားတားဆေးတွေနဲ့မတူဘဲ အခု သွေးခဲတားဆီးဆေး (Anticoagulants) ကတော့ သွေးခဲစေတဲ့ဖြစ်စဉ် (Coagulation Cascade) ထဲက အလုပ်လုပ်နေတဲ့ ပရိုတင်းဓာတ်တွေကို တားဆီးတာ ဖြစ်ပါတယ်။ သတ်မှတ်ချက်ချင်းမတူဘဲ သူက သွေးကို ပိုပြီးကျဲစေ တဲ့အတွက် “အပြင်းစား သွေးကျဲဆေး” လို့လည်း အလွယ်မှတ်ထားလို့ ရပါတယ်။
အသုံးများတဲ့ သွေးခဲတားဆီးဆေးများ
Warfarin (ဝါ့ဖရင်)ကတော့ အသုံးအများဆုံး ဆေးဝါးဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဆေးကို သောက်မယ်ဆိုရင် သွေးခဲမှုကို (INR တန်ဖိုး) ပုံမှန်အချိန်မှန် သွေးစစ်စောင့်ကြည့်ပြီးမှသာ ဆေးပမာဏကို တိတိကျကျ တွက်ချက်ပေးရပါတယ်။
အခုကတော့ နောက်ပေါ်ဆေးသစ်တွေဖြစ်တဲ့ Rivaroxaban၊ Apixaban နဲ့ Dabigatran တို့ကိုလည်း အသုံးများလာကြပါပြီ။
နှလုံးခုန်မမှန်တဲ့ရောဂါ (Atrial Fibrillation – AF) ကတော့ လူနာတွေမှာ နှလုံးခါရမ်းပြီး ခုန်နှုန်း မမှန်တဲ့အခါ နှလုံးထဲမှာ သွေးခဲဖတ်ဖြစ်လွယ်ပြီး ဦးနှောက်ဆီမှာ သွေးခဲပိတ်စို့ကာ လေဖြတ်တတ်လို့ ဒီသွေးကျဲဆေးနဲ့ သွေးမခဲအောင်တားရပါတယ်။
သွေးပြန်ကြောပိတ်ရောဂါ (Deep Vein Thrombosis – DVT) ဆိုတာ ခြေထောက် သွေးပြန် ကြောကြီးတွေထဲမှာ သွေးခဲဖွဲ့စည်း ပိတ်ဆို့တဲ့ ရောဂါဖြစ်ပါတယ်။ အဲဒီခြေထောက်က သွေးခဲဖတ် လွင့်စင်ပြီး အဆုတ်သွေးကြောထဲ ပိတ်မိတဲ့အခါ “အဆုတ်သွေးကြောပိတ်ရောဂါ (Pulmonary Embolism)” လို့ ခေါ်တဲ့ အသက်အန္တရာယ်ရှိတဲ့ အခြေအနေ ဖြစ်သွားတတ်ပါတယ်။
နှလုံးအဆို့ရှင်အတု တပ်ဆင်ထားသူတွေမှာလည် သွေးခဲမပိတ်အောင် ဒီဆေးကို အမြဲတမ်း သောက်ရ ပါမယ်။
ဒီသွေးခဲတားဆီးဆေးတွေဟာ သွေးဥမွှားတားဆေးတွေထက် သွေးထွက်နိုင်ခြေ ဆိုးကျိုး ပိုပြီး မြင့်မား တာကြောင့် ဆရာဝန်ညွှန်ကြားချက် တိတိကျကျနဲ့သာ သောက်ရမှာ ဖြစ်ပါတယ်။
Enoxaparin (သွေးကျဲစေတဲ့ ထိုးဆေး)
ဟစ်ပရင်(Heparin) လို့ခေါ်တဲ့ သွေးခဲတားဆေးအုပ်စုကိုမှ ဆေးအမှုန်အမွှား သေးငယ်အောင် ပြုပြင်ထားတဲ့အတွက် Low-Molecular-Weight Heparin (LMWH) လို့ ခေါ်ပါတယ်။ Enoxaparin ရဲ့ ဆေးဝါးသဘာဝအရ အစာအိမ်နဲ့ အူလမ်းကြောင်းကနေ စုပ်ယူဖို့ ခက်ခဲပြီး အစာခြေရည်တွေကြောင့် ပျက်စီးသွားနိုင်လို့ သောက်ဆေးမရှိတာ ဖြစ်ပါတယ်။ ဒါကြောင့် ချက်ချင်း အာနိသင်ပြစေဖို့အတွက် ချက်အနီးတဝိုက် ဝမ်းဗိုက်အရေပြားအောက် (Subcutaneous) ကို အပ်ပြွန်သေးသေးလေးနဲ့ ထိုးနှံရခြင်း ဖြစ်ပါတယ်။
ဒီဆေးက အာနိသင် အလွန်မြန်ဆန်တိကျတဲ့အတွက် အရေးပေါ်အခြေအနေတွေနဲ့ ဆေးရုံတက်ကုသ ရတဲ့ အခြေအနေတွေမှာ အဓိက သုံးပါတယ်။
ရုတ်တရက် နှလုံးသွေးကြောပိတ်ခြင်း (Acute Heart Attack)ကြောင့် ဆေးရုံအရေးပေါ်ခန်း ရောက်ရောက်ချင်း သွေးခဲဖတ်ကြီးမလာအောင် သောက်ဆေးတွေနဲ့တွဲပြီး ချက်ချင်း ထိုးနှံကုသ ရပါတယ်။
ခြေထောက်နဲ့ အဆုတ် သွေးကြောပိတ်ခြင်း (DVT / Pulmonary Embolism) အတွက် ပိတ်နေတဲ့ သွေးခဲကို အမြန်ဆုံး လျော့ပါးသက်သာစေဖို့ အသုံးပြုပါတယ်။
ခွဲစိတ်မှုအပြီး သွေးခဲခြင်းအန္တရာယ်မှ ကာကွယ်ဖို့ တင်ပါးဆုံရိုး၊ ဒူးဆစ်ရိုး လဲလှယ်တဲ့ အရိုးခွဲ စိတ်မှုအပြီးမှာ အိပ်ရာထဲမှာ ကြာရှည်လှဲနေရလို့ ခြေထောက်သွေးပြန်ကြော ပိတ်မသွားအောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ထိုးရပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ သွေးခဲတားသောက်ဆေး (Warfarin) သောက်ရင် ဗိုက်ထဲက ကလေးကို ထိခိုက်စေနိုင်တဲ့အတွက် ဆရာဝန်တွေက ကလေးကို ဘေးဥပဒ်မဖြစ်စေတဲ့ ဒီ Enoxaparin ထိုးဆေးကို ပြောင်းလဲအသုံးပြုကြပါတယ်။
ဒီဆေးဟာ ထိုးပြီး မိနစ်ပိုင်းအတွင်း သွေးခဲခြင်းစနစ်ကို တားဆီးပေးနိုင်လို့ ချက်ချင်း အာနိသင် ပြတယ်လို့ ဆိုရမှာပါ။ သာမန် Heparin သို့မဟုတ် Warfarin ဆေးတွေမှာတော့ သွေးခဲနှုန်း (INR / aPTT) ကို ခဏခဏ သွေးဖောက်စစ်နေရပေမယ့်၊ Enoxaparin သွေးကျဲထိုးဆေးကတော့ သွေးခဏခဏစစ်ဖို့ မလိုဘဲ လူနာရဲ့ ကိုယ်အလေးချိန်အလိုက် ဆေးပမာဏကို စိတ်ချလက်ချ တွက်ချက် ထိုးနှံနိုင်ပါတယ်။
သွေးကျဲဆေးတို့ရဲ့ သဘောသဘာဝအတိုင်း သွေးထွက်လွယ်စေတဲ့အပြင်၊ ဆေးထိုးတဲ့နေရာမှာ အညိုအမဲစွဲတာကတော့ သူ့ရဲ့ ဆိုးကျိုးပါပဲ။ ချက်ဘေးပတ်ပတ်လည် ဆေးထိုးတဲ့နေရာမှာ သွေးခြေဥပြီး အမဲကွက်၊ အညိုကွက်လေးတွေ ဖြစ်ကျန်ခဲ့တတ်ပါတယ်။
သွေးကျဲဆေး သုံးစွဲနေရသူများ အထူးသတိပြုရန်
ဘယ်သွေးကျဲဆေးပဲ သောက်နေသောက်နေ… သွားနှုတ်တာ၊ ခွဲစိတ်မှုတစ်ခုခု မပြုလုပ်ခင်မှာ မိမိမှာ သွေးကျဲဆေး သောက်နေကြောင်း ဆရာဝန်ကို မဖြစ်မနေ ကြိုတင်အသိပေးရပါမယ်။
သွေးကျဲဆေးတွေဟာ နှလုံးနဲ့ ဦးနှောက်သွေးကြောပိတ်ရောဂါ ဝေဒနာရှင်တွေအတွက် အသက်ကယ် ဆေးတွေ ဖြစ်နေပေမယ့်၊ တိကျသေချာတဲ့ ကုသမှုမရှိရင် သွေးထွက်နိုင်တဲ့ ဆိုးကျိုးရှိပါတယ်။ ဒါကြောင့် ဆရာဝန်ရဲ့ လမ်းညွှန်ချက်မပါဘဲ မိမိသဘောနဲ့ ဝယ်ယူသောက်သုံးတာ၊ မိမိစိတ်ကြိုက် ဆေးဖြတ်တာ၊ ဆေးပမာဏကို တိုး/လျှော့ လုပ်တာမျိုးတွေကို လုံးဝ (လုံးဝ) မပြုလုပ်ကြဖို့ တိုက်တွန်းနှိုးဆော်အပ်ပါတယ်ခင်ဗျာ။
နောက်တစ်ပတ်မှာတော့ “ကြက်ဥ” အကြောင်း ကျန်းမာရေးဆောင်းပါးကို ဖော်ပြပေးသွားပါမယ်။ စိတ်ဝင်စားကြတဲ့ ဧရာ၀တီတိုင်းမ် မိဘပြည်သူ ပရိသတ်များအနေနဲ့ စောင့်မျှော်အားပေး ဖတ်ရှု နားဆင်ပေးကြပါဦးခင်ဗျာ။ အားလုံး ကျန်းမာကြပါစေ။