ဧရာဝတီတိုင်းမ်
ဇွန် ၂၁ ရက်
အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်က ဥရောပမှာရှိတဲ့ အမေရိကန်တပ်ဖွဲ့ဝင် အရေအတွက်ကို လျှော့ချဖို့ လာမယ့် ၆ လအတွင်း ပြန်လည်သုံးသပ်မှာဖြစ်ပြီး နေတိုးအဖွဲ့မှာ အမေရိကန် ရဲ့ အခန်းကဏ္ဍကို ဥရောပမဟာမိတ်တွေဆီ ပိုမိုလွှဲပြောင်းပေးသွားမယ်လို့ ပြောကြား လိုက်ပါတယ်။
ဘရပ်ဆဲလ်မြို့က နေတိုးစစ်ဌာနချုပ်မှာ ပြုလုပ်တဲ့ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးမှာ ဒီ အစီအစဉ်ကို ဆွေးနွေးခဲ့တာဖြစ်ပြီး ဒါဟာ ဒေါ်နယ်ထရမ့်အစိုးရရဲ့ ဥရောပမှာ ဖြန့်ကြက်ထားတဲ့ စစ်အင်အားကို လျှော့ချမယ့် ပေါ်လစီအတိုင်းပဲ ဖြစ်တယ်လို့ ဝါရှင်တန်ပို့စ်သတင်းစာက ဖော်ပြပါတယ်။
အမေရိကန်ဟာ တပ်ဖွဲ့ဝင်တွေအပြင် စစ်ဖြစ်လာရင် ဥရောပကို စေလွှတ်ဖို့ သတ်မှတ်ထားတဲ့ တိုက်လေယာဉ် သုံးပုံတစ်ပုံခန့်နဲ့ မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်တွေ၊ ထောက်လှမ်းရေးဒရုန်း တွေ၊ စစ်သင်္ဘောတွေရဲ့ အရေအတွက်ကိုပါ လျှော့ချသွားဖို့ ရှိနေပါတယ်။
နေတိုးအထွေထွေအတွင်းရေးမှူးချုပ် မာ့ခ်ရုတေးက အခုအစီအစဉ်ဟာ လက်ရှိ ဥရောပမှာ အမြဲတမ်းအခြေစိုက်ထားတဲ့ အမေရိကန်တပ်တွေကို ထိခိုက်မှာမဟုတ်ဘဲ စစ်မက်ဖြစ်ပွားလာချိန်မှာ ကူညီမယ့်အင်အားကိုပဲ လျှော့ချတာဖြစ်လို့ ချက်ချင်းအသက်ဝင်မယ်လို့ ပြောပါတယ်။
ဥရောပအစိုးရတွေက နေတိုးအဖွဲ့ထဲမှာ တာဝန်ပိုယူဖို့ အဆင်သင့်ရှိတယ်လို့ တုံ့ပြန်ထားပြီး အထူးသဖြင့် အရှေ့ဥရောပနိုင်ငံတွေကတော့ နေတိုးအဖွဲ့ဟာ ရုရှားရဲ့ရန်ကနေ ကာကွယ်ဖို့အတွက် အလွန် အရေးကြီးတယ်လို့ ထောက်ပြကြပါတယ်။
အမေရိကန်ဟာ ဥရောပတစ်ခွင်မှာ စစ်သည်အင်အား သောင်းနဲ့ချီပြီး ချထားဆဲဖြစ်သလို နျူကလီးယားထိပ်ဖူးတွေလည်း ရှိနေဆဲဖြစ်ပြီး နေတိုးရဲ့ အမြင့်ဆုံးစစ်ဘက်ရာထူးဖြစ်တဲ့ ဥရောပ မဟာမိတ်စစ် ဌာနချုပ် စစ်သေနာပတိချုပ်နေရာကိုလည်း အမေရိကန်ဗိုလ်ချုပ်ကပဲ ရယူထားပါတယ်။
“နေတိုးအဖွဲ့ဟာအချိန်အတော်ကြာအောင် စက္ကူကျားသက်သက်ဖြစ်ခဲ့ပြီး အမေရိကန်တစ်နိုင်ငံတည်းကပဲ စိုက်ထုတ်ပေးခဲ့ရတဲ့ တစ်လမ်းမောင်းလမ်း ဖြစ်ခဲ့ပေမဲ့ အခုတော့ အဲဒီလို မဟုတ်တော့ပါဘူး” လို့ ၎င်းက ဆိုပါတယ်။
ကိုးကား – Asia Today
Ref; U.S. Defense Secretary announces review of American forces in Europe: “NATO is a mere figurehead”