ဧရာဝတီတိုင်းမ်
ဇွန် ၂၁ ရက်
ရွေးတုအစိုးရ၏ မွန်ပြည်နယ်လွှတ်တော် လုံခြုံရေးတာဝန်ကျ ရဲတပ်သားတစ်ဦးကို ရေလုပ်သားအဖြစ် ရောင်းစားရန် အမျိုးသား သုံးဦးက ဖမ်းဆီးခေါ်ဆောင်သွားသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရွေးတုအစိုးရ၏ မွန်ပြည်နယ်လွှတ်တော် လုံခြုံရေးတာဝန်ကျ ရဲတပ်သား ဇော်ဝင်းထွန်းသည် ပြီးခဲ့သည့် ဇွန် ၁၉ ရက်နေ့ ညနေ ၄ နာရီ၃၀ မိနစ်ခန့်တွင် မော်လမြိုင်မြို့ တောင်ရိုးတန်းပေါ်ရှိ နဂါးမောက်စေတီတော်သို့ ဘုရားဖူးသွားရောက်ခဲ့သည်။ ထို့နောက် ရင်ပြင်တော်ပေါ်တွင် တစ်ဦးတည်း ထိုင်နေစဉ် အမည်မသိ အမျိုးသား သုံး ဦး ရောက်ရှိလာကာ နာရင်းရိုက်၍ ၎င်းတို့နှင့် လိုက်ခဲ့ရန် သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့သို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်ဟု ကာယကံရှင်၏ ထွက်ဆိုချက်အရ သိရသည်။
အဆိုပါ ရဲတပ်သား ဇော်ဝင်းထွန်းက မိမိသည် ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်၍ မလိုက်နိုင်ကြောင်း ပြောပြသော်လည်း ယင်းအမျိုးသား သုံးဦးထဲမှ တစ်ဦးက “ဘာရဲလဲ၊ ငါဗိုလ်မှူးပဲ” ဟု ဆိုကာ နာရင်းကို နှစ်ချက်ရိုက်၍ အတင်းအဓမ္မ ချုပ်နှောင်ခေါ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
၎င်းတို့အဖွဲ့သည် ကျိုက္ခမီမြို့သို့ ဆိုင်ကယ်ဖြင့် ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ပြီး ည ၈ နာရီအချိန်ခန့်တွင် ကျိုက္ခမီမြို့ရှိ ရေ လုပ်သားပွဲစားတစ်ဦးဖြစ်သူ မတင်ဇာလွင်၏ နေအိမ်သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ထို့နောက် ဖမ်းဆီးခေါ်ဆောင်လာသည့် ဗိုလ်မှူးဆိုသူနှင့်အဖွဲ့က ကြိုတင်ငွေ ၁၂ သိန်းကျပ် ထုတ်ပေးရန် တောင်းခံရာတွင် မတင်ဇာလွင်က အခြေအနေ မူမမှန်ကြောင်း သတိပြုမိသဖြင့် ရဲတပ်သား ဇော်ဝင်းထွန်းကို ခေါ်ဆောင်ကာ ကျိုက္ခမီနယ်မြေရဲစခန်းသို့ သွားရောက်သတင်းပေးခဲ့ခြင်း ဖြစ်သည်။
“ပွဲစားမက အခြေအနေမဟန်လို့ ရဲစခန်းကို လာသတင်းပေးတာ။ အဲဒီကျမှ ဖမ်းခေါ်လာခံရသူက ရဲမှန်းသိရပြီး လွတ်သွားတာပါ” ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယင်းနောက် ည ၈ နာရီ ၄၅ မိနစ်ခန့်တွင် ကျိုက္ခမီနယ်မြေရဲစခန်းမှ စခန်းမှူးနှင့်အဖွဲ့က ရေလုပ်သားပွဲစား မတင်ဇာလွင်၏ နေအိမ်သို့ သွားရောက်စစ်ဆေးခဲ့ရာ ရဲတပ်သားကို ဖမ်းဆီးရောင်းစားရန် ကြံစည်သူများဖြစ်သည့် မော်လမြိုင်မြို့၊ မြေနီကုန်းရပ်ကွက်၊ ဘူတာကြီးဝန်းနေ အသက် ၅၁ နှစ်အရွယ် တင်သန်း၊ မော်လမြိုင်မြို့၊ ကြာအင်းကျေးရွာအုပ်စု၊ ဇော်ကုန်းကျေးရွာနေ အသက် ၄၆ နှစ်အရွယ် တင်မင်းထွဋ် နှင့် မော်လမြိုင်မြို့၊ မြေနီကုန်းရပ်ကွက်၊ ဘူတာကြီးဝန်းနေ အသက် ၃၈ နှစ်အရွယ် ဖြိုးကိုကိုတို့ သုံးဦးကို တွေ့ရှိကာ ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ရဲတပ်သား ဇော်ဝင်းထွန်းကို ဖမ်းဆီးခေါ်ဆောင်သွားသည့် ထို သုံး ဦးအနက် တစ်ဦးသည် စစ်သားစုဆောင်းရေးတပ်ဖွဲ့ရုံး (မော်လမြိုင်) ၏ “တပ်သားသစ်စုဆောင်းရေးတာဝန် (အကူ)” ဟု ရေးသားထားသည့် စိစစ်ရေးကတ်ပြားကို ကိုင်ဆောင်ထားသူဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
လက်ရှိတွင် ၎င်းတို့ သုံးဦးကို ကျိုက္ခမီမြို့ နယ်မြေရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားပြီး၊ အမှတ် (၉) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (မော်လမြိုင်) နှင့် ပူးပေါင်းကာ အသေးစိတ် ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။