‎ဧရာဝတီတိုင်းမ်
‎ဇွန် ၂၁ရက်

 

‎ရွှေကူမြို့နယ်အတွင်း ရွေးတုအစိုးရစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ တိုက်ပွဲဖြစ်ပွားနေရာ လက်နက်ကြီး၊ လက်နက်ငယ်သံများ မြို့ပေါ်မှ ကြားရသည်အထိ တိုက်ပွဲပြင်းထန်နေပြီး မြို့ပေါ်ကို လက်နက်ကြီးကျည်များကျရောက်ပေါက်ကွဲမှုရှိကြောင်း သိရသည်။

ရွှေကူမြို့အပြင်ဘက်ရှိ ငါးဘတ်ကြီး၊ ပန်းတင် နှင့် ဝေခူး ကျေးရွာများဘက်တွင် ယမန်နေ့ ဇွန် ၂၀ရက်နေ့ နံနက်ပိုင်းက တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး မွန်းလွဲပိုင်းတွင်ာ သေနတ်သံ၊ ပစ်ခတ်သံများ ခေတ္တငြိမ်သက်သွားကာ မြို့ပြင်ဘက်ကို လေကြောင်း ဗုံးကြဲမှုရှိကြောင်း ဒေသခံသတင်းရင်းမြစ်ထံမှ သိရသည်။

‎”ဒီနေ့ မနက်ပိုင်းကတည်းက Y12နဲ့ မြို့အပြင်ဘက်ကို ပတ်နေတာ။ နေ့တိုင်း ဗုံးကြဲတယ်။ အခုဆို မြို့ပေါ်ရပ်ကွက်တွေအထိ လက်နက်ကြီးနဲ့ ပစ်ခတ်တာ ခံနေရပြီ” ဟု ရွှေကူဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယမန်နေ့ နံနက် ၈နာရီ ၃၀မိနစ်ခန့်က မြို့တွင်းရှိ အမှတ် (၁) ခုံခမ်း၊ ကုလားဘုရားအနီးသို့ လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှုနှင့် ပတ်သက်၍ ကြားသိရခြင်း မရှိပေ။

တိုက်ပွဲပစ်ခတ်သံများသည် မြို့နှင့် ပိုမိုနီးကပ်လာနေပြီး အခြေအနေများမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွားလာနေပြီး လက်နက်ကြီးကျရောက်မှုနှင့် တိုက်ပွဲအခြေအနေများကြောင့် အမှတ် (၁) နှင့် (၂) ရပ်ကွက်များတွင် လူသူသွားလာခြင်းမရှိဘဲ ခြောက်ကပ်နေကာ လမ်းမပေါ်ရှိ စျေးဆိုင်များလည်း ပိတ်ထားကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိတွင် ရွှေကူမြို့အတွင်း၌ ဖုန်းလိုင်း/ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေသဖြင့် သတင်းအချက်အလက် စီးဆင်းမှုနှင့် အရေးပေါ်ဆက်သွယ်ရေးများအတွက် ခက်ခဲနေကြောင်း သိရသည်။ တိုက်ပွဲပြင်းထန်နေချိန် စစ်တပ်ဘက်မှ တပ်ဖွဲ့ဝင် ၁၈ဦး လက်နက်နှင့်တကွ KIA ထံ လာရောက် လက်နက်ချကြောင်းလည်း ကချင်သတင်းရင်းမြစ်များက ဆိုထားသည်။

ဓာတ်ပုံ-လူမှုကွန်ရက်